လုပ်ငန်းပြန်အပ်သည့်ကုမ္ပဏီများစာရင်းကို ဌာနများထံမှ တောင်းယူကာ အမည်ပျက်စာရင်းသွင်းမည်

0
554

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ မပြီးပြတ်၍ ရန်ပုံငွေပြန်အပ်သည့် ကုမ္ပဏီများ စာရင်းကို ဌာနအသီးသီးမှတောင်းယူပြီး အမည်ပျက်စာရင်းသွင်းမည်ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ခွင့်ပြုထားသည့်အသုံးငွေများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်းသာသုံးစွဲခွင့်ရှိသည့်အတွက် လုပ်ငန်းမပြီးလျှင် ရန်ပုံငွေ ပြန်အပ်ကြရရာ ထိုကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည် ဖြစ်သည်။

“ဌာနအလိုက် (ငွေပြန်အပ်တဲ့ကုမ္ပဏီ) စာရင်း ပြန်တောင်းမယ်။ Black List (အမည်ပျက်ကုမ္ပဏီစာရင်း) သွင်းမယ်”ဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။
လက်ရှိအချိန်တွင် အစိုးရဌာနဆိုင်ရာများက တင်ဒါခေါ်ယူနေကြပြီဖြစ် သော်လည်း အမည်ပျက်ကုမ္ပဏီစာရင်းက ယခုထိ မထုတ်ပြန်နိုင်သေးပေ။

သို့သော် အမည်ပျက်စာရင်းသွင်းမည့် ကုမ္ပဏီများကို ဌာနအသီးသီးက သိရှိနေပြီး ဖြစ်သောကြောင့် စိုးရိမ်ရန်မရှိဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“ထပ်ပေးမိဖို့ မရှိဘူး။ ဘယ်ကုမ္ပဏီက အရင်နှစ်က ဘယ်လိုလုပ်သွားတယ်ဆိုတာ ဌာနတိုင်း သိနေပြီးဖြစ်နေလို့ပါ”ဟု ဝန်ကြီးက ပြောသည်။

ယင်းသို့ ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းရာတွင် ဘဏ္ဍာရေးနှစ် အစပိုင်းမှစ၍ ကိုးလ၊ ဆယ်လခန့် လုပ်ငန်းလုပ်ခွင့်ရပြီးမှ လုပ်ငန်းမပြီးဘဲ ပြန်အပ်ရသည့် ကုမ္ပဏီဆိုက အမည်ပျက် စာရင်းသွင်းသင့်ကြောင်း ထားဝယ်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ် ဦးက ပြောသည်။

သို့သော် အမှန်ပင်ကြိုးစားလုပ်ကိုင် ခဲ့သော်လည်း တင်ဒါပေးသည့်ကာလ နောက်ကျပြီး အလုပ်လုပ်ရသည့်ကာလ နည်းပါးခြင်း၊ လုပ်ငန်းကြီးမားသည့် လုပ်ငန်းများ လုပ်ဆောင်ရင်း အချိန် မလောက်ခြင်းတို့ကြောင့် လုပ်ငန်းပြန် အပ်ရသော ကုမ္ပဏီများအတွက်မူ အမည် ပျက်စာရင်း အသွင်းခံရသည်မှာ နစ်နာကြောင်း အထက်ပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

“နောက်ထပ်ခေါ်တဲ့ တင်ဒါတွေက အရမ်းနောက်ကျတယ်။ အခု ကုမ္ပဏီတွေ ကတော့ ကြိုးစားလုပ်ဆောင်ကြတာ များပါတယ်။ အဲလိုကုမ္ပဏီတွေကိုတော့ အမည်ပျက်စာရင်း မသွင်းသင့်ဘူးပေါ့” ဟု ၎င်းက ပြောသည်။