အစိုးရချေးငွေ မရသည့် တောင်သူများကို လုပ်ငန်းရှင်တစ်ဦး ငွေထုတ်ချေး

0
677

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာ အတွင်းရှိ အစိုးရချေးငွေ မရရှိသည့်  လယ်သမားများအား ယင်းရွာရှိ ဆန်စက် ပိုင်ရှင်တစ်ဦးမှ ငွေကျပ်သိန်း ၅၀၀ ကျော်ထုတ်ချေးပေးခဲ့ကြောင်း ရွာသား များထံမှ သိရသည်။

မေလ ၂၁ ရက်က ကျောက်ဖျာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယင်းကျေးရွာ အုပ်စုအတွင်းရှိ လယ်သမား ၄၉ ဦးအား OK ရတနာဆန်စက်ပိုင်ရှင်မှ ထုတ်ချေး ပေးခဲ့ခြင်း ဖြစ်သည်။

လယ်တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် လူတစ်ဦးလျှင် ၁၀ ဧကအထိ လယ်ဧကပေါင်း ၃၈၀ ကျော်အား ယင်း ဆန်စက်ပိုင်ရှင်မှ ထုတ်ချေးပေးခဲ့ ကြောင်း ကျောက်ဖျာကျေးရွာရှိ တောင် သူများနှင့် အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။

၂၀၀၆ ခုနှစ်မှစ၍ မြို့သစ်တည် ဆောက်ရန် အစိုးရမှ သိမ်းယူခဲ့သည့် မြေဧက ငါးထောင်ကျော်အတွင်း ယင်း ကျေးရွာရှိ တောင်သူများ လုပ်ကိုင်နေသည့် လယ်ဧက ၅၀၀ ကျော် ပါဝင်ခဲ့ သည်။

သိမ်းဆည်းမြေ ဖြစ်သွားသည့် အတွက် အစိုးရထံမှ ချေးငွေရရှိခြင်း မရှိဘဲ ယနေ့အထိ လယ်သမားများနစ်နာကာ အခက်အခဲ ကြုံနေရကြောင်း ယင်းကျေး ရွာရှိ တောင်သူများက ပြောပြသည်။

ပုံစံ ၇ မရှိသည့်အတွက် အစိုးရချေးငွေ မရဘဲ လယ်လုပ်ရန် အခက်အခဲကြုံနေ သည့်အချိန် ပုဂ္ဂလိကလုပ်ငန်းရှင်မှ ယခု ကဲ့သို့ လာရောက်ချေးပေးသည့်အတွက် ၀မ်းသာမိကြောင်း ကျောက်ဖျာကျေးရွာမှ လယ်သမား ဦးမောင်မြင့်က ပြောသည်။

“စီမံကိန်းလုပ်မယ်ဆို အမြန်ဆုံး လုပ်ပါ။ မလုပ်ရင် ကျွန်တော်တို့ လယ်တွေ ကို ပြန်ပေးပါ”ဟု ၎င်းက ပြောသည်။

ဒေသအတွင်း ဆန်စပါး ဖူလုံမှုမရှိ သည့်အတွက် တခြားဒေသများမှ မှာယူ တင်သွင်းနေရပြီး မိမိဒေသအတွင်း စပါး အထွက်တိုး လာစေရန် ရည်ရွယ်ကာ လယ်လုပ်ရန် အခက်အခဲကြုံနေသူများ အား မိမိတတ်အားသရွေ့ အကူအညီ ပေးခဲ့ခြင်းဖြစ်ကြောင်း OK ရတနာဆန် စက်ပိုင်ရှင် ဦးမောင်ထွေးက ပြောပြသည်။

“ကျွန်တော့်ဆီမှာ လာရောင်းပါဆို ပြီး ချေးခဲ့တာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

OK ရတနာဆန်စက်အနေဖြင့် ပြီးခဲ့သည့် နှစ်ကလည်း ယင်းလယ်သမားများအား မိုးစပါးစိုက်ပျိုးရန် ကျပ်သိန်း ၅၆၀ ကို ချေးပေးခဲ့ပြီး ငွေများ ပြန်ဆပ်ပြီး ဖြစ်ကြောင်း သိရသည်။

ယခုချေးသည့်ငွေကိုမူ ၂၀၂၀ ဖေဖော်ဝါရီလတွင် ပြန်ပေးဆပ်ရမည် ဖြစ်ကြောင်း OK ဆန်စက်ပိုင်ရှင်နှင့် ယင်းလယ်သမားများထံမှ သိရသည်။

ငွေချေးရာ၌ တစ်နှစ်အတွင်းအတိုး ငွေကို အစိုးရဘဏ်နှုန်းထားအတိုင်း ရှစ်ရာခိုင်နှုန်းပေးရန် သတ်မှတ်ထားပြီး ရရှိသည့် အတိုးငွေအား ကျေးရွာဖွံ့ဖြိုး ရေးအတွက် အသုံးပြုကြောင်း ယင်းဆန်စက် ပိုင်ရှင်နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ထံမှ သိရသည်။

ကိုဆန်း