တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု တရားလိုပြသက်သေအဖြစ် တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌအား စစ်ဆေး

0
887

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဟောင်း၏ အမှုတွင် တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌအား တရားလိုပြသက်သေအဖြစ် ပထမဆုံး စစ်မေးခဲ့ကြောင်း တိုင်းတရားလွှတ်တော် ရုံးထံမှ သိရသည်။

အဆိုပါအမှုများ၏ ၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် မေလ ၂၄ ရက်တွင် တရားလိုပြသက်သေကို ပထမဆုံးစစ်မေး ခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

အမှုလေးမှုအတွက် တရားလိုဘက်က တရားလိုပြသက်သေ စုစုပေါင်း ၉၈ ဦး တင်သွင်းထားကြောင်း ၎င်းင်းက ပြောသည်။

မေလ ၂၄ ရက်ရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သည့် တိုင်းလွှတ်တော်  ဒုဥက္ကဋ္ဌဦးကြည်စိုးအား စစ်မေးရာ နှစ်မှု ကျန်နေသေးကြောင်း တိုင်းတရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“တရားခံဘက်က နှစ်မှုပဲ စစ်လို့ ပြီးတယ်၊ ကျန်တဲ့နှစ်မှုကို ဆက်စစ်ဖို့ ချိန်းထားတယ်”ဟု ဒေါ်အေးအေးသန်းက ပြောသည်။

နောက်ထပ်ရုံးချိန်းကို ဇွန်လ ၃ ရက် ကို ပြန်လည်ချိန်းဆိုထားပြီး တိုင်းလွှတ် တော်ဒုဥက်္ကဋ္ဌကို စွပ်စွဲခံရသူများ၏ ရှေ့နေများက ဆက်လက်စစ်မေးမည် ဖြစ်သည်။

အဆိုပါအမှုတွင် တရားလိုဘက်က သက်သေခံစာရွက်စာတမ်း ၄၁ စောင် တင်သွင်းထားပြီး စွပ်စွဲခံရသူများဘက်က သက်သေခံစာရွက်စာတမ်း ၉ စောင်တင်သွင်း ထားကြောင်း တိုင်းတရားလွှတ်တော်ရုံး ထံမှ သိရသည်။ ဒေါက်တာလဲ့လဲ့မော် အပါအ၀င် GGS ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတ်လ ၂၅ ရက် တွင် စတင်တရားစွဲဆိုခဲ့သည်။  

Dawei Watch