စက်တင်ဘာလအထိ မပြီးသည့် တည်ဆောက်ရေးလုပ်ငန်းများ ပြန်အပ်ရမည်

0
393

ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ဖြစ်သည့် စက်တင်ဘာလကုန်အထိ လုပ်ငန်း မပြီးစီးသည့် တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လုပ်ခွင့်ပြုမည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

အစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်နေသည့် တည်ဆောက်ရေးလုပ်ငန်းများ စက်တင်ဘာလအထိ မပြီးစီးပါက ရောက် ရှိနေသည့် အဆင့်တွင်ပင် ရပ်နားရမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

ဥပမာအနေဖြင့် ဘဏ္ဍာရေးနှစ် ကုန်ချိန်တွင် အဆောက်အအုံ၏ ၈၀ ရာခိုင်နှုန်းသာ ပြီးစီးပါက ဆက်လက် လုပ်ကိုင်ခွင့်မပြုတော့ဘဲ ကျန်သည့်ငွေ ကြေးကို ပိုလျှံရန်ပုံငွေအဖြစ် ပြည်ထောင်စု အစိုးရထံ ပြန်လည်အပ်နှံမည် ဖြစ်သည်။

တနင်္သာရီတိုင်းက မိုးရွာသွန်းမှု များပြားသော တိုင်းဒေသကြီးဖြစ်သည့် အတွက် ယခင်က တည်ဆောက်ရေးလုပ်ငန်း အချို့ကို သတ်မှတ်ကာလ(ဘဏ္ဍာရေးနှစ်) ကျော်လွန်ပြီး လုပ်ခွင့်ပြုထားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် တိုင်း တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ကျွမ်းကျင် ပညာရှင်များက အဆောက်အအုံပြီးစီးသည့် ရာခိုင်နှုန်းကို တွက်ချက်စစ်ဆေးပြီး ယင်းပမာဏကိုသာ ငွေထုတ်ပေးမည် ဖြစ်သည်။

“ပြီးခဲ့နှစ်တွေက ဘတ်ဂျက်နှစ် ကုန်ပေမယ့် လုပ်ငန်းမပြီးဘဲ ကျန်နေတဲ့ ဟာတွေလည်း ရှိတယ်။ တန်းလန်းတွေ ပေါ့”ဟု တိုင်းအစိုးရအဖွဲ့ရုံးမှ အထက်ပါ တာဝန်ရှိသူက ပြောသည်

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် စက်တင်ဘာလကုန်ချိန်တွင် လုပ်ငန်းမပြီးစီးသည့် ကုမ္ပဏီအမည်များ ကို မှတ်တမ်း တင်ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါကုမ္ပဏီများကို အရေးယူမှုများ လုပ်ဆောင်ရန် တိုင်းဒေသကြီး အစိုးရထံ ဆက်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တည်ဆောက်ရေးလုပ်ငန်းအချို့က တင်ဒါခေါ်ယူရာတွင် အချိန်နောက်ကျမှု၊ လုပ်ငန်းစာချုပ်ချုပ်ဆိုရန် အချိန်ကြာ မြင့်နေမှုများ ရှိပြီး ယင်းကဲ့သို့ သတ်မှတ် လိုက်ခြင်းကြောင့် အရွယ်အစားကြီးမားသည့် အဆောက်အအုံဆောက်လုပ်ခွင့် ရသူများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း တင်ဒါလုပ်ငန်းလုပ်ကိုင်နေ သည့် ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။

“လုပ်ငန်းငယ်တွေအတွက်ဆို ပြဿနာမရှိဘူး၊ အကြီးစားတွေဆို ပြဿနာ ရှိတယ်၊ တည်ဆောက်ရေးကာလ နည်းတာလည်း ပါတယ်”ဟု အဆိုပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင် ထားသည့် တည်ဆောက်ရေးကုမ္ပဏီ ၃၃၀ ကျော်ရှိပြီး တိုင်းအတွင်းရှိ ကုမ္ပဏီ  ၁၃ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်ပျက်စာရင်း ကြေညာထားသည်။

ကိုဇော်