ဆင်တုပ်ကွေး

0
5123

နာမည်ဆန်း

Chikungunya နာမည်ကို ရောဂါ စတင်တွေ့ရှိရာ တန်ဇန်းနီးယားနိုင်ငံ လူမျိုးစု ဘာသာစကားမှ စတင် မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ရောဂါခံစားရသူများ နာကျင်ကိုက်ခဲ၍နေခြင်းကို ဆိုလိုပါတယ်။ မြန်မာအခေါ်ကတော့ ဆင်တုပ်ကွေး ဖြစ်တယ်။

ဘာကြောင့်ဖြစ်တာလဲ

ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခံရ၍ ဖြစ်ပါတယ်။ ခြင်ကိုက်ခံ ရပြီး ၃ရက်ကနေ ၅ရက်အတွင်းမှာ လက္ခဏာ စတင် ခံစားရတယ်။ ခြင် အမျိုးအစား (Aedes aegypti & Aedes albopictus) က သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ခြင် အမျိုးအစားနဲ့ အတူတူပါပဲ။

ဘာတွေဖြစ်မှာလဲ

အဓိက လက္ခဏာကတော့ ဖျားပြီး အဆစ်အမြစ် လွန်စွာကိုက်ခဲတာတွေ ဖြစ်တယ်။ လူနာအများစု (၈၇ ရာခိုင်နှုန်း -၉၀ ရာခိုင်နှုန်း)မှာ ကိုက်ခဲကြတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ အဆစ်အမြစ်ရောင်တာ၊ အရေပြားမှာ အနီကွက်ပေါ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် သေစေနိုင်သော ရောဂါ မဟုတ်ပါ။ လူ အများစုမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါပျောက်ကင်းသွားလေ့ ရှိတယ်။ အချို့သူတွေကတော့ အဆစ် နာကျင်တာကို လပေါင်းများစွာ ခံစားရ နိုင်ပါတယ်။ ရောဂါ ဖြစ်ပြီးသူတွေအနေနဲ့ ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံ မဖြစ်နိုင်တော့ပါ။ သွေးလွန်တုပ်ကွေးနဲ့ မတူတာက ဆင်တုပ်ကွေးမှာ မျိုးကွဲ မရှိပါဘူး။

ဘယ်သူတွေမှာ ပိုဆိုးတတ်လဲ

မွေးကင်းစကလေးငယ်များ၊ အသက် ၆၅နှစ်အထက် လူကြီးများ၊ သွေးတိုး ဆီးချို နှလုံးရောဂါ အခံရှိသူများတွင် ပိုမို ခံစားရလေ့ ရှိတယ်။

ဘယ်လိုကူးစက်နိုင်လဲ

ဗိုင်းရပ်စ် ပိုးဟာ ရောဂါကူးစက်ခံရ သူရဲ့ ကိုယ်တွင်းမှာ ၅ ရက်ကနေ ၇ ရက် အထိ ရှိနေနိုင်တာကြောင့် အဲဒီအချိန် အတွင်း ကိုက်တဲ့ခြင်ကနေတစ်ဆင့် အခြားသူတွေကို အကိုက်ခံရရင် ကူးစက် နိုင်ပါတယ်။ လူတစ်ဦးကနေ တစ်ဦးသို့ တိုက်ရိုက် မကူးစက်နိုင်ပါ။ ခြင်ကိုက်ခံရတာကနေပဲ ကူးစက်တာ ဖြစ်တယ်။

ဘယ်လိုကုသရမလဲ

(၁) အနားယူပါ။

(၂) အရည်များများသောက်ပါ။

(၃) အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက် အတိုင်း သောက်ပါ။ အက်စပရင်နဲ့ အခြား အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးသင့်ပါ။

(၄) ပထမ တစ်ပတ်အတွင်း ခြင်ကိုက် မခံရအောင် ဂရုစိုက်ပါ။ ဒါမှ အခြားသူ တွေကို မကူးစက်နိုင်မှာ ဖြစ်တယ်။

ဘယ်လိုကာကွယ်နိုင်မလဲ

အဓိက ခြင်ကိုက်မခံရအောင် နေဖို့ ပါပဲ။

ရောဂါရာဇ၀င်

ဆင်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို ၁၉၅၀ ခုနှစ်မှာ အာဖရိကမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ ဘန်ကောက်  ၁၉၆၃ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်မှာ အိန်္ဒိယမှာ ဖြစ်ပွားခဲ့တယ်။ ၂၀၀၄ မှာ ကင်ညာနိုင်ငံကနေတစ်ဆင့် နိုင်ငံတော်တော်များသို့   ကူးစက်ပြန့်နှံ့ ခဲ့တယ်။ မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ် ကတည်းက ရောဂါဖြစ်ပွားမှု ရှိခဲ့တယ်လို့ သိရတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် နိုင်ငံမှာလဲ ရောဂါဖြစ်ပွားမှု ရှိခဲ့တယ်။

ကိုယ်ဝန်ဆောင်မှာရော ဘယ်လို ဖြစ်မှာလဲ

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရောဂါကူးစက်ခံရမယ်ဆိုရင် အခြားသူ တွေလိုပဲ ဖျားတာ၊ ကိုက်ခဲတာတွေ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန် ပျက်နိုင်ခြေ အလွန် နည်းပါတယ်။ သန္ဓေသားကို မကူးစက်နိုင်ပါ။ ဒါပေမယ့် မွေးဖွားချိန် မှာ ရောဂါပိုး ဗိုင်းရပ်စ် များပြားနေချိန် ဖြစ်မယ်ဆိုရင် မွေးကင်းစ ကလေးအား ကူးစက်နိုင်ပါတယ်။

မွေးလာသော ကလေးအား မိခင် နို့တိုက်ကျွေးတာကြောင့် မကူးစက်နိုင်ဘူး။

သတိပြုရမည့်အချက်

သွေးလွန်တုပ်ကွေး ရောဂါနဲ့ ရောဂါလက္ခဏာ ဆင်တူတဲ့အပြင် ရောဂါ ပြန့်နှံ့ စေတဲ့ ခြင် အမျိုးအစား တူညီနေတာ ဖြစ်တဲ့အတွက် ကုသပေးတဲ့ ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ သတိပြုကြဖို့ လိုအပ်ပါတယ်။        

ဒေါက်တာ သန်းနိုင်မင်း