ဝန်ကြီး ၃ ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

0
1952

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အဖြစ် ၀န်ကြီးသစ် ၃ ဦး တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၂၈ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး စတင်တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။

ထိုဝန်ကြီးသစ် ၃ ဦးအား ၎င်းတို့ကိုင်တွယ်ရမည့်ကဏ္ဍအလိုက်မည်သို့ ဆောင်ရွက်ကြမည်ကို တနင်္သာရီစာဖတ်ပရိသတ်များ  လေ့လာသိရှိနိုင်ရန် ကျမ်းကျိန်သည့်နေ့တွင် တနင်္သာရီပတ်စဉ်မှ မေးမြန်းဖော်ပြလိုက်ပါသည်

နည်းဥပဒေ၊ ဥပဒေတွေလည်း သေချာပြန်ဖတ်ပြီးတော့ လုပ်ရမယ့်ဟာ အားလုံးကို လုပ်သွားမှာပါ

ဒေါ်ရီရီချို

(စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)

တနင်္သာရီ။       ။ အစိုးရက ပြောထားတာ ရှိတယ်ပေါ့နော်။ ၂၀၁၈ ခုနှစ်ထဲမှာ ထားဝယ်(အထူးစီးပွားရေးဇုန်)စီမံကိန်း ပြန်စမယ်လို့ ပြောထားတာ ရှိတယ်။ ဒါပေမယ့် ခုထိတော့ ဒုံရင်းပဲ ဖြစ်နေသေး တယ်ပေါ့နော် ။ ဒါနဲ့ ပတ်သက်ပြီးတော့ ၀န်ကြီးအနေနဲ့ ဘာတွေလုပ်သွားဖို့ ရှိမလဲဗျ။

ဝန်ကြီး။          ။ ဟုတ်ကဲ့၊ ဒီ ထားဝယ်စီးပွားရေးဇုန်ကတော့ အားလုံးအတွက် အရေးကြီးတယ်လို့ မြင်တယ် လေ။ အဲဒီဟာကို ရှေ့ဆက်သွားရဖို ကတော့ သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်ပြီးတော့ပေါ့နော်။ လုပ်သွားရမှာပဲ။ ကိုယ်လည်း မကြည့်ရသေးဘူးဆိုတော့ ဘယ်လောက် အတိုင်းအတာထိ ဒီဟာကို သွားနိုင်မလဲ ဆိုတာကို ကြည့်ရမှာဆို တော့..။

တနင်္သာရီ။       ။ တိုင်းလွှတ်တော် နဲ့ အရင် စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ အငြင်း ပွားခဲ့တာ ရှိတယ်ပေါ့နော်။ စီမံကိန်းတွေ လွှတ်တော် တင်တာ/မတင်တာ အငြင်း ပွားခဲ့တယ်တော့။ ၀န်ကြီးလက်ထက်မှာ ရော ဘယ်လိုလုပ်သွားဖို့ရှိလဲဗျ။

ဝန်ကြီး။          ။ အဓိကက စီမံ ကိန်းတွေက လွှတ်တော်မှာ လာချပြီးတော့မှပဲ လွှတ်တော်ခွင့်ပြုချက်နဲ့ သွားတာကတော့ ပုံမှန်နည်းလည်း ဖြစ်တယ်။ ကောင်းလည်း ကောင်းတယ်ပေါ့နော်။ စီမံကိန်းဖြစ်ဖြစ် ဘာအလုပ်ပဲ ဖြစ်ဖြစ် အဓိကကတော့ ကျွန်မတို့ ပြည်သူတွေ အတွက်လုပ်နေတာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ရယ်၊ လွှတ်တော်ရဲ့ ကူညီအားပေးမှုရယ် နောက်ပြီးတော့ လုပ်ငန်းတွေလည်း လွှတ်တော်နဲ့ ချိတ်ဆက်ပြီး အားကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် အမှားကင်းပြီးတော့၊ အမှားနည်းပြီးတော့ အကောင်းဆုံးလုပ် နိုင်မယ်လို့ ထင်ပါတယ်။

တနင်္သာရီ။       ။ ဟုတ်ကဲ့ပါ၊ အရင်ဝန်ကြီးနဲ့ လွှတ်တော်နဲ့ အငြင်းပွားတာက အစိုးရက ချမှတ်တဲ့ စီမံကိန်းဆို (လွှတ်တော်)တင်မယ်၊ ပုဂ္ဂလိကက ချမှတ်အကောင် အထည်ဖော်တဲ့ စီမံကိန်းဆို တင်စရာမလို ဘူးလို့ ၀န်ကြီးဟောင်းက ပြောခဲ့တာရှိ တယ်။ အခု ၀န်ကြီးအနေနဲ့ အဲဒီ နှစ်မျိုးစလုံးကို လွှတ်တော်တင်မယ် ပြောတာလား ခင်ဗျ။

ဝန်ကြီး။          ။ အမှန်အတိုင်း ပြောရင်တော့ အစိုးရတာဝန် အခုမှ ထမ်းရမှာဆိုတော့ ဥပဒေတွေ၊ နည်းဥပဒေ တွေလည်း သေချာဖတ်ရဦးမှာ ရှိသေးတယ်၊ ဟို.. အဓိကကတော့ ဟိုပွင့်လင်း မြင်သာမှု ရှိရှိလုပ်တာ ဘယ်နေရာမဆို အကောင်းဆုံးပါပဲ။ အဲဒါ သူများလည်း သံသယကင်းတယ်ပေါ့နော်။ အခုဆိုရင် ဒီ နှစ်နှစ်တာကာလက ရှင်းရှင်းပြောရင် ကုစားရတာလည်းပဲ ပြောမယ်။ အချိန်တို အတွင်းမှာ အများ သံသယကင်းကင်းနဲ့ အမှန်တကယ်ကို အစိုးရအဖွဲ့က ကောင်းကောင်းမွန်မွန် ရည်ရွယ်ချက်ကောင်း ကောင်းနဲ့လုပ်နေတယ်ဆိုတာ သိအောင် လုပ်ရမှာ ဖြစ်တဲ့အတွက် တော်တော်များများ၊ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်မှာ ဖြစ်ပါတယ်။

တနင်္သာရီ။       ။ ဟုတ်ကဲ့၊ ဆိုလိုချင်တာကတော့ စီမံကိန်းတွေကို လွှတ်တော် တင်၊ မတင် မပြောနိုင်သေး ဘူးလို့ ပြောချင်တာလားခင်ဗျ။

ဝန်ကြီး။          ။ ထုံးစံကတော့ စီမံကိန်းတွေကို လွှတ်တော်တင်ပြီးတော့ လုပ်တာ၊ လွှတ်တော်ခွင့်ပြုချက်နဲ့ သွားတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဟို…ဒီ နည်းဥပဒေ၊ ဥပဒေတွေလည်း သေချာပြန်ဖတ်ပြီးတော့ လုပ်ရမယ့်ဟာ အားလုံးကို လုပ်သွားမှာပါ။

လိုအပ်ရင်တော့ ကျွန်တော်တို့က စာချုပ်ကို ပြန်ချုပ်မှာပေါ့

ဦးအောင်သူရ (လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး)

တနင်္သာရီ။       ။ ပြည်ထောင်စု အစိုးရက ပြောထားတာရှိတယ်။ GGS ကုမ္ပဏီက ပြည်ထောင်စုကိုပေးရမယ့် အကြွေးကျန်နေတဲ့ ကျပ် ၉ ဘီလီယံကို တိုင်းအစိုးရက တာဝန်ခံပြီးတော့ တောင်းရမယ်ပေါ့။ အဲဒီအပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘာလုပ်သွားဖို့ရှိလဲ။

ဝန်ကြီး။          ။ ကျွန်တော့်အနေ နဲ့ကတော့ ဒီ…၊ အရင် ၀န်ကြီးတွေ၊ အစိုးရအဖွဲ့က ချုပ်ထားတဲ့ စာချုပ်စာ တမ်းတွေ၊ MOGE နဲ့ ကုမ္ပဏီနဲ့ စာချုပ်စာတမ်းတွေကို သေသေချာချာ လေ့လာပြီးမှပဲ အကောင်းဆုံး ဘယ်လို လုပ်ဆောင်မယ်ဆိုတာ ပြောနိုင်မယ်။ ခုချိန်မှာ ကျွန်တော်က ဘာမှမသိရသေးဘူး ဆိုတော့ ပြောဖို့ကတော့ ခက်နေသေး တယ်။

တနင်္သာရီ။       ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ သိထားတာက GGS နဲ့ တိုင်းအစိုးရကြားမှာပဲ စာချုပ်က ရှိတယ်။ ကျန်တဲ့ စာချုပ်မရှိဘူး တစ်စောင်ပဲရှိ တယ်။ တိုင်းအစိုးရနဲ့ ချုပ်ထားတဲ့ စာချုပ်တစ်စောင်ပဲ ရှိတယ်ပေါ့နော်။ အဲဒီစာချုပ်က ကျွန်တော်တို့ကို ကွက် လပ်တွေပါနေတဲ့ စာချုပ်ကို ပေးထားတာ ရှိတယ်။ ကွက်လပ် မဟုတ်တဲ့ စာချုပ် ရှိတယ်လို့လည်း ပြောတယ်။ ၀န်ကြီး အနေနဲ့ရော ခုနက စာချုပ် ဖတ်ပြီးပြီလား ခင်ဗျ။

ဝန်ကြီး။          ။ ခုဒီအရင်လမ်း ညွှန်မှာကတည်းကပေါ့နော်  အားနည်း ချက်အနေနဲ့ တွေ့ရပါတယ်။ လိုအပ်ရင် တော့ ကျွန်တော်တို့က စာချုပ်ကို ပြန်ချုပ်မှာပေါ့။ သက်ဆိုင်ရာ ပညာရှင် တွေလည်းပဲ အကြံအဥာဏ်ယူမှာပါ။ ကော်မတီဖွဲ့ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ တွေအကုန်လုံး ပြန်လည် သုံးသပ်ပြီးမှပဲ ဘယ်လို လုပ်သင့်သလဲဆိုတာ ပြောနိုင်မှာပါ။

တနင်္သာရီ။       ။ မဟာဓာတ်အားလိုင်း အတွက်ကိုရော ၀န်ကြီးအနေနဲ့ ဘာတွေ ပြင်ဆင်ထားတာ ရှိလဲဗျ။

ဝန်ကြီး။          ။ ကျွန်တော်တို့ တိုင်းမှာ မဟာဓာတ်အားလိုင်းဟာ အဓိကပဲ။  လျှပ်စစ်.. ကျွန်တော်တို့တိုင်း မှာကျတော့ ဓာတ်ငွေ့ရှိတယ်၊ ဒီဇယ်တွေ FO တွေနဲ့ လုပ်နေတယ်ဆိုတော့ စားသုံးသူတွေမှာ ဈေးကြီးပေးပြီးတော့ လျှပ်စစ်ကို သုံးနေရမှာပဲ။ ကျွန်တော်တို့ တိုင်းကို မဟာဓာတ်အားလိုင်း ရောက်မှပဲ အခြားတိုင်းတွေနဲ့ နည်းတူ သုံးစွဲခွင့် ရမှာပါ။  ကျွန်တော် တာဝန်ယူနေတဲ့အပိုင်း မှာတော့ အမြန်ဆုံးတော့ ကျွန်တော်တို့ တိုင်းကို မဟာဓာတ်အားလိုင်း ရောက်လာဖို့အတွက် ကျွန်တော် ကြိုးစားပါ့မယ်။

တနင်္သာရီ။       ။ မဟာဓာတ်အား လိုင်းကတော့ (အာရှဖွံ့ဖြိုးရေးဘဏ်)ချေးငွေယူပြီး လုပ်နေတာ ရှိတယ်ပေါ့ နော်။ မဟာဓာတ်အားလိုင်း မရောက်နိုင် တဲ့နေရာလည်း ရှိတယ်ဗျ။ ဥပမာ ကျွန်းတွေ၊ အင်မတန် ခေါင်တဲ့ဒေသတို့၊ ၀န်ကြီး တို့ဒေသတွေမှာဆိုလည်း တော်တော်ခေါင်တဲ့ ဒေသတွေ ရှိမှာပေါ့။ အဲလိုမျိုးတွေ အတွက်ရော စဉ်းစားထားတာ ရှိလားဗျ။ ကျွန်တော်တို့တိုင်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက်။

ဝန်ကြီး။          ။ လောလောဆယ်တော့ ကျွန်တော်… ဟို… ဒါကတော့ ကျွန်တော် ခုလောလောဆယ်တော့ မစဉ်းစားထားသေးပါဘူး။ နောက်ပြီးကျ တော့ ဟို…၊ ဒီ… ဓာတ်အား မရောက်ရှိ နိုင်တဲ့ ဒေသတွေကတော့ ဒါ ကျွန်တော်တို့ ဟို… အထူးကဏ္ဍတစ်ရပ်အနေနဲ့ ကျွန်တော်ကတော့ လုပ်ဆောင်သွားမှာပါ။

တနင်္သာရီ။       ။ ကျွန်တော်တို့ တိုင်းထဲမှာရှိတဲ့ ကုမ္ပဏီတချို့က ပြောလာတာရှိတယ်ပေါ့နော်။ ၀န်ကြီးက ဆောက်လုပ်ရေးပါ ကိုင်ရမှာ ဆိုတော့လေ။ တင်ဒါကုမ္ပဏီတွေအနေနဲ့ အစိုးရ ဆီမှာ ငွေထုတ်ဖို့ ကြန့်ကြာနေတာတွေရှိ တယ်ပြောကြတယ်။ (လုပ်ငန်းပြီးစီးမှု အလိုက်) အရစ်ကျ ထုတ်ရတယ်။ ၂၅ ရာနှုန်း၊ ၅၀ ရာနှုန်း၊ ၇၅ ရာနှုန်း၊ ၁၀၀ ရာနှုန်းပေါ့ဗျာ။ အဲဒီမှာ လုပ်ငန်းက တစ်ရာရာနှုန်း ပြီးတာတောင်မှ ၂၅ ရာခိုင် နှုန်းအတွက် ငွေမရသေးဘူးလို့ ညည်းလာတွေ ရှိတယ်ဗျ။

အဲဒီလိုဖြစ်နေတာက ဒေသခံကုမ္ပဏီငယ် လေးတွေက အရင်းအနှီး မစိုက်ထုတ်နိုင်ရင် အရှုံးပေါ်ကြတယ် ပြောကြတယ်။ ဒီဘက်က ပိုက်ဆံ မရသေးလို့ ဟိုက အတိုးနဲ့ ပြန်ချေး၊ အဲလို လုံးချာလည်နေတော့ ကုမ္ပဏီငယ်လေးတွေက ပြောလာတာရှိတယ်၊ ကုမ္ပဏီငယ်တွေကို သင်း သတ်နေတာလားပေါ့၊ ငွေလုံးငွေရင်းကြီး တဲ့ ကုမ်္ပဏီကြီးတွေပဲ အလုပ်အကိုင်အခွင့်အလမ်းရအောင် လုပ်နေသလားလို့ မေးခွန်းတွေ ထုတ်လာတယ်ဗျ။ အဲဒီ အပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘယ်လို ကိုင်တွယ်သွားဖို့ ရှိမလဲဗျ။

ဝန်ကြီး။          ။ ဒါကတော့ တကယ် ဖြစ်ပျက်နေတာတော့ ဒါကတော့ အမှန်ပါပဲ။ ဒီ တင်ဒါစည်းမျဉ်း စည်းကမ်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် သေချာလေ့လာပါမယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ဟာကို အမြန်ဆုံး Past(ဖြေလျော့)ပေးနိုင်အောင် ကြိုးစား သွားမှာပါ။

တနင်္သာရီ။       ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ပြည်သူလူထု ထိခိုက် နစ်နာမှု မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ဖို့ရှိပါတယ်

ဦးလှထွေး (သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး)

တနင်္သာရီ။       ။ လွှတ်တော်ကိုယ် စားလှယ်သက်တမ်း သုံးနှစ်အတွင်းမှာ တနင်္သာရီတိုင်းရဲ့ ခရီးသွားကဏ္ဍမှာ အားနည်းချက်၊ အားသာချက်တွေ ဘာများ တွေ့မိလဲဗျ။

ဝန်ကြီး။          ။ ပြီးခဲ့တဲ့ ၃ နှစ် ကာလအတွင်းမှာ အရင်နဲ့စာရင် အများ ကြီး အများကြီး တိုးတက်လာတာတွေ ရှိတယ်။ တိုးတက်လာတဲ့ အထိုက် အလျောက် လက်ရှိ CBT (ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း)တွေလည်း လုပ်ထား တာ ရှိတယ်ပေါ့၊ နောက်ထပ် ဆက်လုပ်ဖို့ ရည်မှန်းထားတာလည်း ရှိတာပေါ့ နော်။ ရည်မှန်းထားတဲ့ အနေအထားမှာ မြေပြင်အနေအထားပေါ့၊ အောင်မြင်မှု ဘယ်လောက်အတိုင်းအတာထိ ရှိမလဲဆို တာတော့ သေချာဆန်းစစ်ပြီးမှ ဆက် လုပ်ရမယ့် သဘော ရှိပါတယ်။

တနင်္သာရီ။       ။ ခရီးသွားလုပ်ငန်း တိုးတက်အောင် ဘာတွေ လုပ်မယ်လို့ ပြောနိုင်တာ ရှိမလား၊ ကြိုစဉ်စားထားတာ ရှိလား။

ဝန်ကြီး။          ။ လက်ရှိလုပ်ထားတဲ့ CBT လုပ်ငန်းတွေ ရှိတယ်၊ နောက် ဆက်လုပ်ဖို့ ရည်မှန်းချက်တွေ ရှိတယ်၊ လောလောဆယ် စိတ်ကူးထားတယ်ပေါ့ လုပ်မယ်ဆိုတာ။ အဲဒီ လုပ်မယ့် စိတ်ကူး ချက်တွေကို မြေပြင်မှာ တကယ် အကောင်အထည် ဖော်နိုင်မှု အနေအထား ကို ပြန်ပြီးတော့ ဆန်းစစ်ရမှာပေါ့။

တနင်္သာရီ။       ။ ဟုတ်ကဲ့၊ ၀န်ကြီးသစ်အတွက် စိန်ခေါ်မှုလို့ ပြော လို့ရတဲ့ မြိတ်ဒီရေတော ခုတ်နေမှု ကိစ္စပေါ့ ခင်ဗျာ။ မြိတ်က ဒီရေတောတွေ မှာ လွှတ်တော်ကတော့ ပြောလိုက်တယ် ပေါ့ခင်ဗျာ။ ရပ်နားထားသင့်တယ်ဆိုပြီး တော့။ ခုတော့ ဆက်ခုတ်နေဆဲပဲ ရှိတယ် ဆိုပြီးတော့ ဒေသခံတွေက ပြောလာတာ ရှိတယ်ပေါ့ခင်ဗျာ။ ဒါကိုရော ဘယ်လို ကိုင်တွယ်သွားဖို့ ရှိလဲဗျ။

ဝန်ကြီး။          ။ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင်တော့ ဒေသရဲ့အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိက ကြည့်ပြီးတော့ ပြည်သူလူထု ထိခိုက် နစ်နာမှု မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ဖို့ရှိပါတယ်။ ခုနက ဒီရေတော ကိစ္စဆိုတာ မြေအနေ အထားနဲ့ လက်ရှိ တည်ဆဲ ဥပဒေ နည်းဥပဒေ တွေနဲ့ ပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပြီး တော့ ဆက်လုပ်သွားဖို့ ရှိပါတယ်။

တနင်္သာရီ။       ။ ဟုတ်ကဲ့။ ၀န်ကြီးက ပြန်ကြားရေးပါ တွဲကိုင်ရမှာ ဆိုတော့လေ။ အရင် အစိုးရ လက်ထက် တုန်းက တနင်္သာရီတိုင်းမဂ္ဂဇင်းရယ်၊ ထားဝယ်မဂ္ဂဇင်းရယ်ဆိုပြီး မဂ္ဂဇင်း ၂ စောင် ထွက်ခဲ့ပါတယ်။ ဒီအစိုးရလက် ထက်မှာ တိုင်းအစိုးရက ကမကထပြုပြီး ထုတ်တယ်ဆိုတဲ့ မဂ္ဂဇင်းတစ်စောင်၊ စာအုပ် တစ်အုပ်မှ မထွက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးရော ဘာတွေလုပ်သွားဖို့ ရှိမလဲဗျ။

ဝန်ကြီး။          ။ ဆက်ပြီးတော့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ။

တနင်္သာရီ။       ။ ကျေးဇူးတင်ပါ တယ်ခင်ဗျ။

Dawei Watch