မိုင်းအန္တရာယ် ကာကွယ်နိုင်မည့် App 

0
3201

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသများ၊ ယခင်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့်ဒေသများတွင် နေထိုင်သူတို့ ဆောင်ထားသင့်သည့် မိုင်းအန္တရာယ်ပညာပေး App တစ်ခုအကြောင်းကို မိတ်ဆက်ဖော်ပြပေးပါမည်။

“MRE Myanmar” ဟု အမည်ရသည့် မိုဘိုင်းလ် App တွင် မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် စသည့် သိသင့်သိထိုက်သည်များကို ဖော်ပြထားသည်။

၎င်း App ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။

“မြေမြှုပ်မိုင်းတွေက အသက်သေဆုံးစေတဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီမိုင်းအန္တရာယ်ပညာပေး app နဲ့ ဆိုရင်တော့ ဖုန်းကနေပဲ ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ သတင်းအချက်တွေ ရရှိနေနိုင်ပါပြီ” ဟု ယူနီဆက်အဖွဲ့က ထုတ်ပြန်ထားသည်။

မိုင်းအန္တရာယ်အကြောင်းများကို သရုပ်ဖော် ရုပ်သံဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြောပြထားသည်။

မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ပြီး နားလည်လွယ်အောင် ဖန်တီးထားသည်ကိုတွေ့ရသည်။

မြန်မာ၊ အင်္ဂလိပ်၊ ရှမ်း၊ ဂျိန်းဖောကချင်၊ စကောကရင်၊ တအားန် စသည့် ဘာသာစကားများဖြင့် ရွေးချယ်နားဆင်နိုင်သည်။

လူသတ်မိုင်း၊ ယာဉ်ဖျက်မိုင်း၊ လက်လုပ်မိုင်း၊ စစ်ကျန်လက်နက်ပစ္စည်း၊ မိုင်းဟုယူဆရသည့် မသင်္ကာစရာ ပစ္စည်း တစ်ခုခုကို တွေ့ရှိက ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည့်တို့ကို စိတ်ဝင်စားဖွယ် ရုပ်သံဖိုင်များဖြင့် လိုတိုရှင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် လက်နက်ကိုင်စစ်ရေးပဋိပက္ခများ မြင့်တက်နေဆဲ ဖြစ်ပြီး မိုင်းနှင့် စစ်လက်ပစ္စည်းများကြောင့် ပြည်သူများ သေဆုံးမှု၊ ကိုယ်အင်္ဂါဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပွားနေသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် မေလအထိ ‌ဒေသခံများ မိုင်းနင်းမိမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၉ ဦးရှိခဲ့သည်။

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲများကြောင့် မိုင်းအန္တရာယ်ရှိသည့် ဒေသမှာ ပိုမိုကျယ်ပြန့် လာခဲ့သည်။ ရပ်ရွာများအနီးနားရှိ မိုင်တဲတာဝါတိုင်ခြံစည်းရိုးတွင် မိုင်းထောင်ထားသည့်မိုင်းနင်းမိသဖြင့် ဒေသခံများနှင့် ကျွဲ၊ နွား အိမ်မွေးတိရစ္ဆာန်များ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိလာသည်။

၂၀၂၂ ဇန်နဝါရီလက သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲရှိ ကျွဲခြံရွာတွင် ဥယျာဉ်ခြံထဲသွားသည့် မြေးအဖွားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာက အမျိုးသမီးတစ်ဦး သီဟိုဠ်စေ့သွားကောက်ရာကနေ မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရှိခဲ့ဖူးသည်။

တနင်္သာရီတိုင်းတွင် ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း မြို့နယ်တို့သည် မိုင်းအန္တရာယ်များသောဒေသများဖြစ်သည်။

ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Monitor) ၏ ၂၀၁၇ ခုနှစ်ထုတ် စစ်တမ်းအရ အဆိုပါမြို့နယ် ၆ မြို့နယ်မှာ မိုင်းနှင့်ပတ်သတ်ပြီး သံသယဖြစ်ဖွယ် အန္တရာယ်များသော ဒေသများထဲတွင် ပါဝင်သည်။

မြန်မာနိုင်ငံတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသော်လည်း ပြည်သူအများစုမှာ ပေါက်ကွဲသေစေနိုင်သည့် မိုင်းများနှင့်ပတ်သတ်ပြီး သိရှိမှု နည်းပါးလျှက်ရှိသည်။

ယင်းအတွက်ကြောင့် ယူနီဆက်ကထုတ်ပြန်ထားသည့် မိုင်းအန္တရာယ်ပညာပေး App ကို မိမိဖုန်းအတွင်းထည့်သွင်းပြီး လေ့လာနိုင်ရန် လမ်းညွန်ပေးလိုက်ရပါသည်။

App အား Google Play Store၊ App Store တို့တွင် “MRE Myanmar” ဟု ရိုက်ရှာပြီး ဒေါင်းယူနိုင်သည်။

ဒေါင်းလုပ်ဆွဲရန် နှိပ်ပါ။