တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်မယ်ဆို

0
7067

ငွေကြေးအရဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစီးချင်လို့ ဖြစ်ဖြစ် တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်ဘာတွေ အဓိကကြည့်သင့်လဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

ဆိုင်ကယ်ဝယ်သူအချို့က အရှေ့မီး၊ အချက်ပြ၊ တာယာ စတဲ့ အပြင်ပန်းတွေကိုပဲ ကြည့်ပြီး ဝယ်လေ့ရှိတဲ့အတွက် တစ်ကယ်အရေးကြီးတဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။

ဆိုင်ကယ်ဝယ်တဲ့အခါ နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဝယ်လေ့ရှိပေမယ့် ကိုယ်တိုင်က အခြေခံအချက်တွေသိထားရင် ပိုကောင်းတာပေါ့။

ပထမဆုံးအချက်အနေနဲ့ ဆိုင်ကယ်ဝယ်တော့မယ်ဆို ကိုယ်က ငွေဘယ်လောက် သုံးမလဲဆိုတာ စဉ်းစားရမှာပါ။ ပြီးရင် ဂီယာဘီး စီးချင်တာလား၊ အော်တိုဂီယာ စီးချင်တာလားဆိုတာ ကြိုပြီး ဆုံးဖြတ်ထားဖို့ လိုပါတယ်။

ဒီလိုဆုံးဖြတ်ထားရင် တစ်ကယ်သွားဝယ်တဲ့အချိန်ဆို ဆိုင်ကယ်အများကြီးကို သွားကြည့်စရာမလိုတော့ဘဲ ပေးရတဲ့ငွေနဲ့ တန်တဲ့ ဆိုင်ကယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ စီးထက်မနည်းကိုတော့ ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

ဆိုလိုတာက ဆိုင်ကယ်အများကြီးကိုကြည့်မိရင် စိတ်ဝေဝါးသွားပြီး တစ်ကယ်ဝယ်တဲ့အခါ ကိုယ့်ရွေးချယ်မှုက မှားတတ်တာကြောင့်ပါ။

ဒုတိယအချက်အနေနဲ့က ဆိုင်ကယ်ကို မစစ်ဆေးခင် လုံးဝဈေးမဆစ်မိပါစေနဲ့။ ဘာကြောင့်လဲဆိုရင် ဈေးဆစ်လို့ ဈေးတည့်သွားပြီဆိုမှ ဆိုင်ကယ်မှာ အနာအဆာ ကြီးကြီးမားမားတွေ့လို့ မယူဖြစ်ရင် နှစ်ဦးနှစ်ဖက် မျက်နှာပျက်တတ်လို့ပါ။

တတိယအချက်ကတော့ ရောင်းမယ့်ဆိုင်ကယ်ရဲ့ မော်ဒယ်မှန်ရဲ့လား။ အချို့ဘီးတွေဆို ထိုင်းစစ်စစ်လား ၊ NCX လားဆိုတာ သေချာကြည့်ရမှာဖြစ်ပါတယ်။

ဂီယာဆိုင်ကယ်အများစုရဲ့ မော်ဒယ်ကတော့ ဆိုင်ကယ်ဂီယာတံအောက်ဘက် အင်ဂျင်အောက်မှာရေးထားပြီး အင်ဂျင်ချက်စီလို့ခေါ်တဲ့ ဂဏန်းတွေ အက္ခရာတွေကို ကြည့်ပြီး ခွဲခြားရတာပါ။

အော်တိုဂီယာတွေကျတော့ ဖင်ထိုင်ခုံဖွင့်လိုက်ချိန် အနောက်စွန်းက ဖရိန်သံပြားပေါ်မှာရေးထားတာကို ကြည့်လေ့ရှိပါတယ်။

ဥပမာ- ၂၀၁၇ ခုနှစ်မော်ဒယ် ကလစ်အော်တိုဂီယာဆိုင်ကယ်ဆိုရင် MLHJF3500H54——-ဆိုတဲ့ ဂဏန်းတွေ အက္ခရာတွေ ပါဝင်မှာဖြစ်ပြီး ၁၀ လုံးမြောက် “H”အက္ခရာဟာ ထုတ်လုပ်တဲ့ခုနှစ်ကို ကိုယ်စားပြုတာပါ။ “G”ဆိုရင် ၂၀၁၆ ခုနှစ်မော်ဒယ်ပေါ့။

ဒါ့အပြင် 350 အစား 370 နဲ့လာရင် ထိုင်းထုတ်ဆိုပေမယ့် NCX အဖြစ်သတ်မှတ်ပြီး ပြန်ရောင်းချိန်မှာ ဈေးနှိမ်ခံရနိုင်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ 351 နဲ့လာရင် စမုတ်ဂွေ၊ 3500နဲ့လာရင် ဒလက်ဂွေဆိုပြီး ထပ်မံကွဲပြားပါသေးတယ်။

နောက်တစ်ချက်ကတော့ စမုတ်ဂွေနဲ့လာတဲ့ဂီယာဆိုင်ကယ်တွေမှာဆိုရင် စတီးရောင်ဂွေမှာ ထုတ်လုပ်တဲ့နှစ်နဲ့လကို အင်္ဂလိပ်အက္ခရာနဲ့ဖော်ပြလေ့ရှိပါတယ်။

အခုပြောပြတာတွေကတော့ ဆိုင်ကယ်တစ်စီးကို အော်ရဂျင်နယ်ပတ်လည်မှန်/မမှန် အကြမ်းဖျင်းစစ်ဆေးတဲ့ နည်းတွေဖြစ်ပြီး အသေးစိတ်စစ်ဆေးနည်းတွေက အများကြီးရှိပါသေးတယ်။

ဒီလိုပတ်လည်မှန်နေပြီဆိုရင် အင်ဂျင်နှိုးစမ်းပြီး အင်ဂျင်အသံ မှန်/မမှန် စစ်ဆေးရမှာဖြစ်သလို ပိုင်ရှင်ဆီခွင့်တောင်းပြီး မဖြစ်မနေ စီးစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒါမှလည်း ရုန်းအားကောင်းရဲ့လား၊ လက်ကိုင်လုနေလား စသဖြင့် သိနိုင်မှာပါ။

စီးစမ်းကြည့်လို့ ကြိုက်ပြီဆိုရင် အင်ဂျင်အောက်ကိုတော့ မဖြစ်မနေငုံ့ကြည့်ပါလို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်ဆို ဆိုင်ကယ်ဆိုတာက အင်ဂျင်ရဲ့ အောက်ဘက်မှာပဲ ကွဲလေ့ရှိတာမို့ပါ။ အချို့သူတွေကတော့ အင်ဂျင်ကွဲနေတဲ့နေရာမှာ ဒေသအခေါ် သံဖာဆေးလိုဟာမျိုးနဲ့ စေးထားလေ့ရှိပါတယ်။ ဒီလိုမျိုးသာ သံဖာဆေးတွေ့ပြီဆိုရင် သေချာပြီ ကုန်မယ့်ငွေက ကျပ်သိန်းဂဏန်းပါပဲ။

ပြီးတာနဲ့ ကာဗာအနာအဆာရှိလား၊ အော်ရဂျင်နယ်ဆေးလား ဆိုတာလည်း ကြည့်သင့်ပါတယ်။ ဒါပေမဲ့ မော်ဒယ်နိမ့် ဆိုင်ကယ်တွေမှာကတော့ ဒီအပြစ်တွေက ရှိနေတာများပါတယ်။

ဆိုင်ကယ်တစ်စီးလုံးကို ကြိုက်လို့ ဈေးလည်းဆစ်ပြီးပြီ။ အရောင်းအဝယ် တည့်ပြီဆိုရင် အရေးကြီးဆုံးတစ်ချက်ကို မဖြစ်မနေစစ်ဆေးရမှာပါ။

အဲဒါက ဘာလဲဆိုတော့ အပေါ်က ပြောထားတဲ့ အင်ဂျင်မှာပါတဲ့နံပါတ်၊ လက်ကိုင်ဆုံမှာ ပါတဲ့နံပါတ်နဲ့ ကညနရဲ့ယာဉ်မှတ်ပုံတင် စာအုပ်အရှေ့ဆုံးမျက်နှာမှာပါတဲ့ ခဲခြစ်နံပါတ်တွေကိုက်ညီမှု ရှိ/ မရှိစစ်ဆေးရမှာပါ။ အဲဒီနံပါတ်တွေ မတူဘူးဆိုရင် လုံးဝမဝယ်ပါနဲ့လို့ အကြံပြုချင်ပါတယ်။

အခုပြောပြထားတဲ့အချက်တွေက ဆိုင်ကယ်တစ်စီးဝယ်ရာမှာ မဖြစ်မနေစစ်ဆေးသင့်တဲ့ အချက်တွေထဲကမှ တချို့တဝက်သာဖြစ်ပါတယ်။

ရောင်းမှားဝယ်မှား အနည်းဆုံးဖြစ်အောင် ဒီအချက်တွေနဲ့ ကိုက်ညီစစ်ဆေးပြီးမှ ဝယ်ကြပါလို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။