ဒါဖတ်ပြီးမှ ပါရာစီတမောသောက်ပါ

0
5727

ပါရာစီတမောလို့ ပြောလိုက်ရင် လူတိုင်းကြားဖူး၊ သောက်ဖူးကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ပါရာစီတမောကို ဆေးညွှန်းစာမပါဘဲ မိမိဘာသာ အလွယ်တကူဝယ်ယူ သောက်သုံးနိုင်ပါတယ်။

ပါရာစီတမောကို ကိုယ်လက်ကိုက်ခဲ့တာ၊ ခေါင်းကိုက်တာ၊ အဆစ်အမြစ်နာတာ၊ ဓမ္မတာကြောင့်နာကျင်ကိုက်ခဲတာ၊ သွားကိုတာ၊ ခြေလက်ခါး ကိုက်ခဲတာအပြင် အအေးမိတာနဲ့ ဖျားနာတာတွေအတွက် သောက်သုံးကြပါတယ်။

ပါရာစီတမောမှာ နာကျင်ကိုက်တာကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ ကိုယ်အပူရှိန်ကျစေတဲ့ ဂုဏ်သတ္တိဆိုပြီး အဓိကဂုဏ်သတ္တိနှစ်မျိုးပဲ ရှိပါတယ်။ လူအများစု အထင်မှားနေသလို ရောင်ကိုင်းတာကို သက်သာစေတဲ့ ဂုဏ်သတ္တိမရှိပါဘူး။

ဒါကြောင့် သာမန်ဖျားနာတာတွေအတွက် အိမ်သုံးဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ဘယ်လိုရွေးချယ် သောက်သုံးသင့်တယ်ဆိုတာကို ကျွမ်းကျင်ဆရာဝန်တစ်ဦးနဲ့ မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။

တနင်္သာရီတိုင်းမှာ ရောင်းချတဲ့ ပါရာစီတမောဆေးတွေက အမယ်စုံလှပါတယ်။

ပါရာစီတမောကို ဆေးပြား၊ ဆေးအရှည်တောင့်၊ ဆေးရည် စသဖြင့် တွေ့ရတတ်ပါတယ်။ အတွေ့ရအများဆုံး ဆေးပမာဏကတော့ ၅၀၀ မီလီဂရမ် နဲ့ ၂၅၀ မီလီဂရမ် ဖြစ်ပါတယ်။

အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်နဲ့ ဥရောပနိုင်ငံအချို့အပါအဝင် အာရှနိုင်ငံအချို့က တင်သွင်းကြတာများတယ်လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ ဒေသတွင်း အသုံးများတဲ့ ဒီကိုဂျင် အမှတ်တံဆိပ် ပါရာစီတမောဆိုရင် ဖိလစ်ပိုင်နိုင်ငံက ထုတ်လုပ်ပြီး တစ်ဖီ(TIFFY)ကိုတော့ ထိုင်းနိုင်ငံက ထုတ်လုပ်တာပါ။ ဒါ့အပြင် ဘိုင်အိုဂျက်ဆစ် ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်ပါတယ်။

ဆေးကတ်အပြင် ဘူးတွေနဲ့ထည့်ထားတဲ့ ပါရာစီတမောဆေးတွေလည်း ရှိနေပါသေးတယ်။

အအေးမိဖျားလို့ ပါရာစီတမောဆေးကို ရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် အရင်ဦးဆုံးအနေနဲ့ ဆေးထုတ်လုပ်တဲ့ နိုင်ငံ၊ ဓာတုပစ္စည်းပါဝင်မှု ပမာဏပြည့်ရဲ့လားဆိုတာကို အရင်ဆုံးကြည့်သင့်တယ်လို့ဆိုပါတယ်။

ရွေးချယ်ရာမှာလည်း အရည်အသွေးစိတ်ချရမှုရှိတဲ့ နိုင်ငံကထုတ်တဲ့ဆေးကိုပဲ ရွေးချယ်သင့်တယ်လို့ အကြံပြုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် တရုတ်နိုင်ငံက ဝင်လာတဲ့ ပါရာစီတမောဆေးအများစုက အရည်အသွေးမပြည့်တာ တွေ့ရပါတယ်။

ပါရာစီတမော ဆေးကတ်မှာဆိုရင် ၅၀၀ မီလီဂရမ်လို့ ဖော်ပြထားတဲ့ စာသားပါဝင်ရမယ်လို့ ဆရာဝန်က လမ်းညွှန်ပါတယ်။

တရုတ်နိုင်ငံက ဝင်လာတဲ့ အချို့ပါရာစီတမောတွေကတော့ ဆေးဘူးမှာ ၅၀၀ မီလီဂရမ်လို့ ပြထားပေမဲ့ အမှန်တကယ် ပါဝင်မှုမရှိလို့ ထိရောက်မှုမရှိပါဘူး။

နောက်ဆုံးတစ်ချက်က နာမည်ကြီး အမှတ်တံဆိပ်ပါ ဆေးဆိုပေမဲ့ ထုတ်လုပ်တဲ့နေရာကနေ ဈေးကွက်အတွင်း ဖြန့်ဖြူးချိန်အထိ သယ်ဆောင်ရာလမ်းမှာ စနစ်တကျ သယ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။

နေပူထဲ၊မိုးရေထဲ သယ်လာတာမျိုးဆိုရင် အာနိသင်စိတ်ချရမှု အားနည်းပြီး အန္တရာယ်ပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဘယ်လိုသယ်လာတယ်ဆိုတာကတော့ ဝယ်ယူသောက်သုံးတဲ့ ပြည်သူတွေ မသိနိုင်တဲ့ အချက်ဖြစ်တဲအတွက် ဆေးဝယ်ယူရာမှာ အရောင်းပြောင်းနေတာ၊ အမဲစက်လို မှိုပွင့်နေတာ၊ ဆေးကဖိလိုက်ရင် ကြေမွသွားတာ စသဖြင့် ပုံစံပြောင်းနေရင်တော့ မသောက်သုံးသင့်ပါဘူး။

ဒါ့အပြင် ပါရာစီတမောဆေးကို ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လောက်ပမာဏအထိ သောက်သုံးသင့်လဲ ဆိုတဲ့အချက်ကလည်း အရေးကြီးပါတယ်။

ပါရာစီတမောဟာ နာကျင်ကိုက်ခဲတာ သက်သာစေတဲ့ဂုဏ်သတ္တိနဲ့ အဖျားကျစေတဲ့ ဂုဏ်သတ္တိဆိုပြီး နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။

ဖျားနာလာပြီဆိုရင် မြန်မြန်သက်သာလိုဇောနဲ့ ၅၀၀ မီလီဂရမ်ပါတဲ့ ပါရာစီတမောဆေး နှစ်လုံးသောက်သုံးတာမျိုး အထူးရှောင်ရှားသင့်ပြီး ဆရာဝန်တွေကတော့ အစာစားပြီးမှ ဆေးသောက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

ဆရာဝန်ညွှန်ကြားတာမျိုး မရှိဘဲ မိမိသဘောနဲ့ ပါရာစီတမော ၅၀၀ မီလီဂရမ် ၂ လုံးသောက်တာမျိုး မလုပ်သင့်ပါဘူး။

လူကြီးဆိုရင် ၅၀၀ မီလီဂရမ် တစ်လုံးသောက်ပြီး သက်သာခဲ့ရင် ထပ်သောက်စရာ မလိုတော့ပါဘူး။

အသက်၁၀ နှစ်ကနေ ၁၅ နှစ်ကြားကလေးဆိုရင် ၂၅၀ မီလီဂရမ် ကနေ စတိုက်သင့်ပြီး မသက်သာမှ ၅၀၀ မီလီဂရမ် ဆေးကို တိုးတိုက်သင့်တယ်လို့ ဆရာဝန်က အကြံပြုပါတယ်။

ဆေးသောက်ရမယ့် အချိန်ကျော်သွားလို့ ဆေး ၂ လုံး တစ်ခါတည်း သောက်သုံးဖို့မလိုဘဲ သတ်မှတ်ပမာဏ အတိုင်းပဲ သောက်သုံးသင့်ပါတယ်။

ဒါ့အပြင် တစ်ရက်မှာ ခဏခဏမသောက်သင့်ဘဲ တစ်ကြိမ်နဲ့တစ်ကြိမ် ၄ နာရီကနေ ၆ နာရီအထိ ခြားပြီးသောက်ရသလို တစ်ရက်သောက်တဲ့ ပမာဏက ၄၀၀၀ မီလီဂရမ်ထက် ပိုတယ်ဆိုရင်လည်း အန္တရာယ်ရှိပါသေးတယ်။

ပမာဏပိုသောက်မိရင် ချွေးအလွန်အကျွံထွက်တာ၊ အသည်းနဲ့ကျောက်ကပ်ထိပြီး သွေးအန်တာအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ ပါရာစီတမောက လက်ရှိခံစားနေရတဲ့ နာကျင်ကိုက်ခဲမှု၊ ကိုယ်အပူရှိန်မြင့်တက်မှုကို ယာယီသာသက်သာစေတယ် ဆိုတာကို မမေ့သင့်ပါဘူး။

သာမာန်ဖျားနာ၊ ကိုက်ခဲမှုတွေကတော့ မိမိကိုယ်ခံအား တက်လာတာနဲ့အမျှ ရောဂါပျောက်ကင်း သွားပါတယ်။

ဒါပေမဲ့ သီးခြားကုသဖို့လိုအပ်တဲ့ရောဂါ တစ်ခုခုကြောင့် ဖျားနာ၊ကိုက်ခဲတာတွေ ဖြစ်လာရင်တော့  ပျောက်ကင်းဖို့အတွက် ရောဂါဇစ်မြစ်ကို ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။

ဒါကြောင့် မိမိနဲ့ လက်တစ်ကမ်းမှာ အလွယ်ရတဲ့ ပါရာစီတမောကို အသိရှိရှိ အသုံးပြုနိုင်ဖို့ လမ်းညွှန်ပေးလိုက်ရပါတယ်။