TikTok အသုံးပြုမှုကို ဩစတေးလျတွင် ပိတ်ပင်ကန့်သတ်မှုများ စတင်

0
2535

တရုတ်အခြေစိုက် အက်ပလီကေးရှင်း တစ်ခုဖြစ်သည့် တစ်တော့ခ် (TikTok) သည် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ပြောဆိုဝေဖန်မှုများ မြင့်တက်လာခြင်းကြောင့် အခြားသော အနောက်နိုင်ငံများနည်းတူ သြစတြေးလျနိုင်ငံသည် အစိုးရသုံး ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများတွင် TikTok အသုံးပြုမှုကို တားမြစ်လိုက်ပြီ ဖြစ်သည်။

ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အေဂျင်စီများထံမှ အကြံဉာဏ်ရယူပြီးနောက် ဤတားမြစ်မှုကို ဧပြီလ ၄ ရက်နေ့တွင် ကြေညာလိုက်ပြီး ရှေ့နေချုပ် မာ့ခ်ဒရေးဖက်စ်က အဆိုပါ ညွှန်ကြားချက်ကို “လက်တွေ့ဖြစ်နိုင်သမျှ အမြန်ဆုံး”အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်သည် သြစတြေးလျအား Five Eyes ထောက်လှမ်းရေးမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများနှင့် တစ်ညီတည်း ဖြစ်စေခဲ့သည်။

အဆိုပါ မဟာမိတ် အဖွဲ့အတွင်း ပါဝင်သည့် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် အလားတူကန့်သတ်ချက်များကို ကြေညာထားပြီး တချိန်တည်းမှာပင် နယူးဇီလန်နိုင်ငံ၏ ပါလီမန်ကလည်း ဥပဒေပြုလွှတ်တော်သို့ သယ်ဆောင်အသုံးပြုခွင့်ရှိသည့် အီလက်ထရောနစ် စက်ပစ္စည်းအားလုံးမှ အဆိုပါ အက်ပ်ပလီကေးရှင်းအား ဖယ်ရှားရန် အမိန့်ပေးထားသည်။

နော်ဝေးနိုင်ငံနှင့် ဥရောပပါလီမန်တို့သည်လည်း အလားတူလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က မြောက်အတ္တလန်တစ် သဘောတူစာချုပ်အဖွဲ့အစည်း (NATO-နေတိုးတပ်ဖွဲ့)မှ ဝန်ထမ်းများအား အဖွဲ့အစည်းမှ ပံ့ပိုးပေးသည့် အီလက်ထရောနစ် စက်ပစ္စည်းများတွင် တစ်တော့ခ် (TikTok) အက်ပ်ကို ဒေါင်းလုဒ်ဆွဲခြင်းအား ပိတ်ပင်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် အကျွမ်းတဝင်ရှိသည့် နေတိုးအရာရှိနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တစ်တော့ခ် (TikTok) ၏ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများဆိုင်ရာ အထွေထွေမန်နေဂျာ ဖြစ်သူ လီ ဟန်းထား က နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို ကုမ္ပဏီအနေနှင့် အင်မတန်စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

၎င်းတို့၏ အက်ပလီကေးရှင်းသည် နိုင်ငံအတွက် လုံခြုံရေးအန္တရာယ်ဖြစ်နိုင်သည်ဟု သက်သေပြနိုင်ခြင်းမရှိ ဆိုသည့် အချက်ကို ဆက်လက်ထိန်းသိမ်းထားကာ တစ်တော့ခ် (TikTok) ကုမ္ပဏီသည် အပြုသဘောဆောင်သော ဆက်ဆံရေးအတွက် ရည်ရွယ်ကာ သြစတြေးလျအစိုးရထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

တစ်တော့ခ် (TikTok) အက်ပလီကေးရှင်း သည် ၂၀၂၃ ခုနှစ်အစောပိုင်းကာလအထိ သြစတြေးလျနိုင်ငံတဝန်းမှာ အသက် ၁၈နှစ်နှင့် အထက် အသုံးပြုသူ ၈ သန်းကျော်ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ ဒစ်ဂျစ်တယ် ခေတ်ရေစီးကြောင်းများကို လေ့လာသော DataReportal ၏ အစီရင်ခံစာကို ကိုးကားထားသော ၎င်းကုမ္ပဏီ၏အဆိုအရ သိရသည်။

ရှေ့နေချုပ်ဌာနမှ ထုတ်ပြန်သည့် သတိပေးချက်တွင် တစ်တော့ခ် (TikTok) သည် “အသုံးပြုသူဆိုင်ရာဒေတာ အများအပြား စုဆောင်းခြင်း အပြင် သြစတြေးလျနိုင်ငံ တည်ဆဲဥပဒေနှင့် ဆန့်ကျင်သည့် ၊ ပြည်ပအစိုးရတရပ်ရပ်ထံမှ လမ်းညွှန်မှုများအရ ဆောင်ရွက်နေမှုများ တွေ့ရှိရသောကြောင့် လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ အန္တရာယ်များ ရှိနေသည်” ဟု ဖော်ပြထားသည်။

ယခုအချိန်အထိ တရုတ်အစိုးရသည် တစ်တော့ခ် (TikTok) အက်ပလီကေးရှင်း၏ အသုံးပြုသူဒေတာကို ရယူခဲ့သည်ကို သက်သေပြနိုင်သည့် အထောက်အထားမရှိသေးပေ။ ထို့အပြင် ပြည်သူများ၏ တစ်ကိုယ်ရည်သုံး အီလက်ထရောနစ် စက်ပစ္စည်းများတွင် တစ်တော့ခ် (TikTok) နှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်သော တားမြစ်မှုကို မည်သည့်အစိုးရမှ ပြဋ္ဌာန်းလုပ်ဆောင်နေခြင်းမရှိပေ။

သို့သော် အမေရိကန် နိုင်ငံတွင်မူ တစ်တော့ခ် (TikTok) ၏ မိခင်ကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက်  Bytedance ကုမ္ပဏီ အနေနှင့် အဆိုပါ အက်ပ် အတွက် ၎င်းတို့ပိုင် ရှယ်ယာများကို ရောင်းချလွှဲပြောင်းခြင်း ပြုလုပ်ရန် သဘောမတူပါက နိုင်ငံတွင်း ယင်းအက်ပ် အသုံးပြုခွင့်ကို ပိတ်ပင်မည် ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်၏ အမေရိကန် အစိုးရက ခြိမ်းခြောက်ခဲ့သည်။

လူမှုကွန်ရက် ဆိုင်ရာ အပလီကေးရှင်းအများစုကဲ့သို့ တစ်တော့ခ် (TikTok) ၏ အမေရိကန်နိုင်ငံတွင်း အသုံးပြုသူများထံမှ စုဆောင်းရယူသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်အများအပြားကို  တရုတ်အစိုးရ အနေနှင့် ၎င်း၏ အမျိုးသားလုံခြုံရေးဥပဒေများကို အသုံးပြုကာ ဝင်ရောက်ကြည့်ရှုမည်ကို အမေရိကန်အစိုးရက စိုးရိမ်နေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကွန်ဂရက်လွှတ်တော်ကြားနာမှုအတွင်း တစ်တော့ခ် (TikTok) ၏ အမှုဆောင်အရာရှိချုပ် ရှိုးဇိချူးသည် ၎င်း၏နည်းပညာကုမ္ပဏီနှင့် တရုတ်အစိုးရ အကြား ချိတ်ဆက်မှုရှိသည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

တရုတ်အစိုးရသည် တစ်တော့ခ် (TikTok) ကို ၎င်း၏ဒေတာအတွက် ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးကြောင်းနှင့် တောင်းဆိုလာပါက ကုမ္ပဏီအနေဖြင့် ငြင်းဆိုမည် ဖြစ်ကြောင်း ရှိုးဇိချူးက ပြောကြားခဲ့သည်။

ယခုကိစ္စ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တစ်တော့ခ် (TikTok)  ၏ ရှယ်ယာများကို အတင်းအကြပ်ရောင်းချမှု ဖြစ်ပေါ်စေသည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို “ပြတ်ပြတ်သားသားကန့်ကွက်မည်” ဖြစ်ပြီး ဤ အခြေအနေ သည် အမေရိကန်ပြည်ထောင်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို “ပြင်းထန်စွာ ထိခိုက်စေမည်” ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

တစ်တော့ခ် (TikTok) တားမြစ်ချက် ချမှတ်ထားသည့် အခြားနိုင်ငံများ ကဲ့သို့ပင် သြစတြေးလျနိုင်ငံ၏ ရှေ့နေချုပ်က ယင်းအက်ပ်သုံးစွဲမှုနှင့် ပတ်သက်သည့် ကင်းလွတ်ခွင့်များကို “ကိစ္စရပ်တစ်ခုချင်းအလိုက်နှင့် သင့်လျော်သည့် လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးစေမှု အပေါ် မူတည်ပြီး” ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ဩစတြေးလျနိုင်ငံအစိုးရ ၏ ပြည်ထဲရေးဌာန က နိုင်ငံတွင်း လူမှုကွန်ရက် ဆိုင်ရာ အက်ပလီကေးရှင်းများမှတစ်ဆင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုအပေါ် စစ်ဆေးပေးရန် တောင်းဆိုမှုကို လက်ခံရရှိခဲ့ကြောင်း ရှေ့နေချုပ် ဒရေးဖက်စ် မှ ပြောကြားခဲ့သည်။ ထို့ကြောင့် အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်းသည့် အကြံပြုချက်များကို ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။

Reference

●       CNN