အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3364

Princes in The Darkness 1990s

အခန်း(၃၃)

မော်လမြိုင်သို့ မရောက်မီ မုတ္တမတွင် ဗေဒါက အဝေးပြေးကားပေါ်မှ ဆင်းလိုက်၏။

ယခုချိန်လောက်ဆိုလျှင် နယ်မြို့များမှ ကားဂိတ်များတွင် မစ္စတာလုက သူ့လူအချို့ကို ‌စောင့်ကြည့်ခိုင်းကောင်း စောင့်ကြည်နေတော့မည်ကို ဗေဒါတွေးမိလိုက်ခြင်းကြောင့်ပင်။

ဒါကလည်း မစ္စတာလု၏ လုပ်ငန်များကို ဆယ်စုနှစ်တစ်စုကြာလုပ်ပေးခဲ့သည့်အတွေ့အကြုံအရဖြစ်သည်။

မုတ္တမမြို့အဝင် ထမင်းဆိုင်တစ်ဆိုင်၏ ထောင့်ကျကျစားပွဲတွင် ဝင်ထိုင်ရင်း ညစာစားလိုက်၏။

ညအိပ်ရန် စုံစမ်းသောအခါ ထမင်းဆိုင်က သူ့ဆိုင် အ‌ပေါ်ထပ်တွင်ပင် အခန်းခပေးကာ နေလို့ရကြောင်း ပြောသဖြင့် အဆင်ပြေသွားသည်။

တည်းခိုခန်းများ၊ ဟိုတယ်များထက်စာလျှင် ထိုနေရာမျိုးက သူ့အတွက် ပိုလုံခြုံနိုင်သည်။”

ဗေဒါအိပ်မပျော်။

အောက်ဘက်တွင်လည် ဆိုင်သိမ်းဆည်းနေသံများကြားရသဖြင့် အရက် သို့မဟုတ် ဘီယာ တစ်ခုခု ရလိုရငြား အောက်သို့ ဆင်းလာခဲ့လိုက်၏။

အောက်ထပ်တွင် ဆိုင်ရှင်အမျိုးသားက တံခါးပိတ်ကာ စားပွဲများကိုရှင်းနေသည်။

“အကို..မအိပ်သေးဘူးလား”

ဆိုင်ရှင်က ဗေဒါ့ကို ပြုံးပြပြီး မေးလိုက်၏။

“အင်းဗျာ..အိပ်မပျော်တာနဲ့..ဆင်းလာတာ..ခင်ဗျားတို့ဆိုင်မှာ ဒါလေးဘာလေးမရှိဘူးလား”

ဗေဒါက လက်မကို နှုတ်ခမ်းတွင် တေ့ပြလိုက်သည်။

ဆိုင်ရှင်က ပြုံးသည်။

“ရှိတာပေါ့ဗျာ..ကျွန်တော်လည်း ဆိုင်သိမ်းရင် အမြဲချနေကျ…ကိုယ့်ဆရာရှိတော့ အဖော်ရတာပေါ့..အနောက်မှာ ကားဆရာတွေကို ထမင်းကျွေးတဲ့အခန်းရှိတယ်..အဲ့ဒီမှာ အရက်လည်းအစုံရှိပါ့.လာဗျာ”

ထမင်းဆိုင်၏ အနောက်ဖက်ထောင့်တွင် အခန်းတစ်ခန်းနှင့် စားပွဲနှစ်လုံးခန့်ရှိနေသည်။

“ကိုယ့်ဆရာ…ကြိုက်မယ်ဆိုရင်တော့ ယိုးဒယားက လာတဲ့ ဆမ်ဆောင်ရမ် ကျွန်တော့်မှာ ရှိတယ်..ကျွန်တော်လည်း အဲ့ဒါချမှာ”

“ရပါတယ်..ဘာဖြစ်ဖြစ်ပေါ့”

ဆိုင်ရှင် က ရမ်ရှစ်ပက်ပြား တစ်ပြားကို ယူလာသည်။

ထို့နောက် ဖန်ခွက်နှစ်ခွက်နှင့် ရေခဲတစ်ဇလုံချကာ ဗေဒါ့ရှေ့သို့ တိုးပေးလိုက်၏။

“သောက်ထားနှင့်ဗျာ..ကျွန်တော် အမြည်း နည်းနည်းသွားလုပ်လိုက်ဉီးမယ်”

ဆိုင်ရှင်က ဗေဒါ့အနားမှ ထထွက်သွားသည်။

ဗေဒါက ဆမ်ဆောင်ရမ်အရက် တပက်ခန့်ကို ဖန်ခွက်ထဲ လောင်းထည့်ပြီး ရေခဲနှင့်စပ်ကာ တချက်တည်း မော့ချလိုက်၏။

ကြံအရသာကဲသော ပြင်းရှရှရမ်က လျှာမှတဆင့် လည်ချောင်း၊ လည်ချောင်းမှတဆင့် ဝမ်းဗိုက်အတွင်း ပူခနဲ။

အခုမှ နေသာထိုင်သာရှိသွားတော့သည်။

နောက်တခွက်ထပ်မငှဲ့ခင် အမြည်းသွားလုပ်သည်ဆိုသော ပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်၏။

အနောက်ဖေးတွင် တရှဲရှဲနှင့် ကြော်နေဆဲ။

ဗေဒါ၏ အကြည့်က နံရံပေါ်တွင် မှန်ဘောင်သွင်းကာ ချိတ်ထားသော ဓာတ်ပုံတစ်ပုံဆီသို့ ရောက်သွားသည်။

အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်တွဲရိုက်ထားသောပုံ။

အမျိုးသားတစ်ယောက်မှာ ဘယ်ဘက်လက်ကောက်ဝတ်မှ တုံးတိပြတ်နေသည်။

ဗေဒါက အမျိုးသမီး၏ မျက်နှာအား သေသေချာချာစိုက်ကြည့်နေ၏။

“ကိုယ့်ဆရာရေ..ကြက်ဉကြော်ရပါပြီဗျာ..ကျွန်တော်တို့က ထမင်းဆိုင်လုပ်နေတာဆိုတော့..ဟင်းအနှစ်တွေ ၊ အသုပ်တွေ က ရိုးအီလာပြီဗျ..ဒါကြောင့် ကြက်ဉကြော်လေးပဲ အာသီသဖြစ်နေလို့”

ဆိုင်ရှင်က ကြက်ဉကြော်နှစ်လုံးထည့်ထားသော ပန်းကန်ကို ဗေဒါ၏ ရှေ့သို့ ချလိုက်သည်။

ဗေဒါက ဓာတ်ပုံကိုသာ သေချာကြည့်နေ၏။

“ကိုယ့်ဆရာ..ဘာတွေစိတ်ဝင်စားနေတာလဲ..အဲ့ဒါ ကျွန်တော့်ကျေးဇူးရှင် ဘကြီးပုံပါ..ဒီဆိုင်တောင် သူအမွေပေးခဲ့တဲ့ ငွေနဲ့ ဖွင့်ထားခဲ့တာဗျ”

“အော်…ခင်ဗျားဘကြီးက ဘယ်တစ်ယောက်တုန်း”

“ဘယ်ဘက်လက်ပြတ်နေတဲ့တစ်ယောက်လေ..ကျွန်တော့်ဘကြီးက တချိန်ကတော့ မော်လမြိုင်မှောင်ခိုလောကမှာ နာမည်ကြီးမှောင်ခိုပွဲစားပေါ့ဗျာ..ဘိုပြားလို့ ခေါ်ရင် အဲ့ဒီခေတ်က မုတ္တမ၊ မော်လမြိုင်တကြော အကုန်သိကြပါတယ်”

ဆိုင်ရှင်က စကာပြောရင်း ရမ်ကို တစ်ကြိုက်ကြိုက်လိုက်သည်။

“ကျွန်တော်တို့ ငယ်ငယ်ကတော့ ဒီလမ်းကြောင်းတွေက မှောင်ခိုနဲ့စီးပွားဖြစ်တဲ့ မြို့တွေပေါ့ဗျာ”

ဆိုင်ရှင်က အရက်ကို နောက်တကြိမ်ထပ်မော့ပြန်သည်။ ဗေဒါ့ဖန်ခွက်ထဲသို့လည်း ငှဲ့ထည့်ပေး၏။

ဗေဒါက ဓာတ်ပုံထဲမှ အမျိုးသားနှင့် အမျိုးသမီးကို ထပ်ကြည့်လိုက်ပြန်သည်။

“ခင်ဗျားကြည့်ရတာ..ဒီဓာတ်ပုံကို စိတ်ဝင်စားနေသလိုပဲ”

“ဟုတ်တယ်ဗျ…ခင်ဗျားဘကြီးဘေးက…စုံတွဲကို ကျွန်တော် တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ”

“အင်း…ကျွန်တော်ဒီပုံကို ဒီနေရာမှာ ချိတ်ထားရတာ အကြောင်းရှိသဗျ..ဒါနဲ့ ခင်ဗျား ရန်ကုန်သားလား”

ဗေဒါက ခေါင်းညိတ်ပြလိုက်သည်။

“ထင်တော့ထင်ပါတယ်..အဲ့ဒီပုံထဲက အမျိုးသမီးရဲ့ ဘေးက လူကလည်း ရန်ကုန်ကပဲ.. ဉီးကြေးမုံတဲ့..တခေတ်တခါကတော့ မော်လမြိုင်-ရန်ကုန်မှောင်ခိုလမ်းကြောင်းရဲ့ ဘုရင်ကြီးပေါ့ဗျာ.. နာမည်ကြီးလူမိုက်လို့လည်းဆိုကြတယ်…သူ့ဘေးကတော့ ဒေါ်ယုယုမော်တဲ့”

ဗေဒါ ခေါင်းထဲ ဒိန်းခနဲ..မှတ်ဉာဏ်များအပြေးအလွှား။

ကြေးမုံ။ ယုယုမော်။

မေယုကြေးမုံ။

မေယုကြေးမုံတွင် ဖခင်ဖြစ်သူ၏ မျက်လုံးတောက်တောက်များနှင့် မိခင်ဖြစ်သူ၏ ရင့်ကျက်လှပသောမျက်နှာပေါက်တို့ကို ရရှိခဲ့သည်ပဲ။

“သူတို့လင်မယားက ကျွန်တော့်ဘကြီးရဲ့ အလုပ်ရှင်ဆိုလည်းဟုတ်၊ မိတ်ဆွေဆိုလည်း ဟုတ်သဗျား…ဒေါ်ယုယုမော်ဆိုရင်လည်း.ဒီလမ်းတကြောမှာ..အခုထိ”

“ကိုနိုင်ထော…မနက်ဆိုင်ဖွင့်ရဉီးမယ်နော်”

တံခါးဝတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသည့် အမျိုးသမီးတစ်ဉီးက မွန်သံဝဲဝဲဖြင့်။

အမျိုးသမီး၏ မျက်လုံးများထဲတွင် သူ့ယောက်ျားဖြစ်သူအား သတိပေးသည့်အရိပ်အယောင်များကို ဗေဒါ ဖမ်းမိလိုက်သည်။

ဗေဒါက အမျိုးသမီးကို ပြုံးပြလိုက်၏။ အမျိုးသမီးကလည်း ပြန်ပြုံးပြသည်။

“ဧည့်သည်ကိုတော့ အားနာသကွယ်…သူ့က မနက်အစောကြီးထရမှာမို့..သတိလာပေးတာပါ”

အမျိုးသမီးပြန်လှည့်ထွက်သွား၏။

ဗေဒါလည်း အရက်ခွက်ကို မော့သောက်လိုက်ပြီးနောက် နိုင်ထော ဆိုသူအား နှုတ်ဆက်ကာ အပေါ်ထပ် သူ့အခန်းသို့ ပြန်တက်လာခဲ့လိုက်တော့သည်။

“မေယုကြေးမုံ”

သူ့၏ အတွေးထဲ နာမည်ကြားရုံဖြင့် ဖြတ်ခနဲဝင်ရောက်လာသော ပုံရိပ်များ။

ဗေဒါက စီးကရက်တစ်လိပ်ကို ဖွာရင်း ခုတင်ပေါ် ခြေချိတ်ကာ လှဲနေလိုက်၏။

“တီ..တီ..တီ”

ဖုန်းသံ မြည်လာသည်။ အချိန်ကြည့်တော့ ည ၂ နာရီကျော်ပြီ။ ဖုန်းနံပါတ်က နိုင်ငံခြားမှ ခေါ်ဆိုသည့် နံပါတ်။

ဗေဒါ ဖုန်းကို ကမန်းကတန်းကိုင်လိုက်၏။

ဂျာနူး အသံမဟုတ်။ ယောက်ျားတစ်ယောက်၏ အသံ။

တဖက်မှ အင်္ဂလိပ်စကားဖြင့် မစ္စတာဗေဒါလား ဟု မေးနေသံ။

ဗေဒါက အသံခပ်အုပ်အုပ်ဖြင့်ပင် ပြန်ဖြေလိုက်သည်။

“ကျွန်တော် မစ္စတာရစ်ကာနေပါ..မစ္စဂျာနူး ဆီက ဒီဖုန်းနံပါတ်ကိုရလို့ တဆင့်ဆက်သွယ်တာပါ”

“ဟုတ်ကဲ့”

“ခင်ဗျားအခု ဘယ်ရောက်နေပြီဆိုတာ..ကျွန်တော့်ကိုစိတ်ချလက်ချပြောလို့ရပါတယ်”

ဗေဒါက ခေတ္တမျှ စဉ်းစားနေ၏။ ထိုဖုန်းနံပါတ်ကို ကိုနေဝင်းအားသာ ပေးခဲ့သည်မို့..ကိုနေဝင်းထံမှ ဂျာနူးထံ ရောက်သွားကောင်းရောက်သွားမည်။ သို့မဟုတ်။ ကိုနေဝင်းက သစ္စာဖောက်ခဲ့လျှင်ရော။

“ကျွန်တော် ခင်ဗျားရဲ့ လုံခြုံရေးအတွက် အစီအမံတွေ လုပ်ပေးစရာရှိလို့ပါ..ကျွန်တော်က မစ္စဂျာနူး ရဲ့ မိတ်ဆွေပါ”

ဗေဒါ ခေါင်းထဲ ရစ်ကာနေး ဆိုသည့်နာမည်ကို မှတ်မိသွား၏။ ဂျာနူး၏ ဒိုင်ယာရီစာအုပ်ထဲမှ နာမည်။

“ကျွန်တော် အခု မော်လမြိုင်နားက မြို့တစ်မြို့မှာပါ”

“မော်လမြိုင်”

တဖက်မှအသံတိတ်သွား၏။

“ဟဲလို”

“မော်လမြိုင်ဆိုရင်တော့ ထိုင်းနယ်စပ်မြို့တစ်မြို့ကို ခင်ဗျား မရောက်ရောက်အောင် ထွက်လာခဲ့ပေးပါ..ပြည်တွင်းမှာတော့ ခင်ဗျားရဲ့ လုံခြုံရေးကို ချက်ချင်းကြီး ကျွန်တော်တို့ တာဝန်မယူပေးနိုင်တာ နားလည်ပေးပါ…နောက်နှစ်ရက်အတွင်း ကျွန်တော်လည်း ထိုင်းကိုရောက်လာပါမယ်..ကျွန်တော့် ဖုန်းနံပါတ်ကို ခင်ဗျား မှတ်ထားပေးပါ”

တဖက်မှ ဖုန်းချသွားသည်။

ဗေဒါ က သက်ပြင်းသာခပ်လေးလေးချလိုက်တော့၏။

သည်အတိုင်းဆို…ထိုင်းဘက်ခြမ်းသို့ သူမရောက်ရောက်အောင် သွားရတော့မည်။

ခဏအကြာ ကိုနေဝင်းထံမှ ဖုန်းဆက်လာပြန်သည်။

“ဗေဒါ..ဂျာနူးကိုတော့ မင်းဖုန်းနံပါတ် ငါပေးလိုက်ပြီနော်”

“ဟုတ်ကဲ့…အခုလေးတင်..ဂျာနူးလူနဲ့ ကျွန်တော်အဆက်အသွယ်ရပါတယ်”

“မင်းဘယ်ရောက်နေလဲတော့ ငါမသိဘူး..ဒါပေမယ့်….မင်းအတွက်သတင်းဆိုးတစ်ခုတော့ ငါ့မှာရှိတယ်”

“ဘာလဲ..ကိုနေဝင်း”

“မင်းကိုသတ်ဖို့ သရဲကြီးကို မစ္စတာလုက ကြေးစားငှားတယ်..ဒါပေမယ့် သရဲကြီးက ငြင်းလိုက်တယ်…. သရဲကြီး ငြင်းလိုက်ပေမယ့်…စိုင်းနွံနဲ့အတူ နောက်ထပ် ကြေးစားအဖွဲ့တွေနဲ့ မင်းနောက်ကိုလိုက်သတ်ဖို့ မစ္စတာလုက လွှတ်လိုက်ပြီ…ငါကြားရတဲ့သတင်းအရတော့ မင်းထွက်သွားတဲ့ညက အဝေးပြေးကားကတဆင့် သူတို့ခြေရာခံမိနေပြီ….မင်း အခုရောက်နေတဲ့နေရာမှာ ခြေသံလုံလုံသာနေတော့”

ကိုနေဝင်း ဖုန်းချသွား၏။ ဗေဒါ လည်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကာ ဘာဆက်လုပ်ရမည်ကို စိတ်ထဲ တွေးနေမိသည်။

စီးကရက်နောက်တစ်လိပ်ကို ဖွာရင်း ပြတင်းပေါက်ဘက်သို့ ထွက်လာလိုက်၏။

အနောက်ဘက်ခြံဝန်းအတွင်း အမှောင်မကျတကျနေရာတွင် အရိပ်တစ်ခုတွေ့လိုက်သဖြင့် ဗေဒါ က နံရံတွင် အသာကပ်ကာ ပြတင်းတံခါးကြားမှ ချောင်းကြည့်လိုက်သည်။

ခုန ထမင်းဆိုင်ပိုင်ရှင်အမျိုးသား၏ ဇနီးသည်။

လက်ကိုင်ဖုန်းကို ကိုင်ကာ စကားခပ်တိုးတိုးပြောနေ၏။ တချက်တချက် ဗေဒါရှိရာ အခန်းသို့လည်း လှမ်းကြည့်နေသည်ကို တွေ့ရသည်။

ဗေဒါ့စိတ်ထဲ ထင့်ခနဲဖြစ်သွား၏။

သူ့အတွက် အန္တရာယ်အနံ့အသက်။

တညလုံအိပ်လို့မဖြစ်တော့တာ သေချာသည်။

ဗေဒါက သူ့ကျောပိုးအိတ်ကို အသင့်ပြင်လိုက်၏။ မကြာမီ မိုးလင်းတော့မည်ပဲ။

လေးနာရီထိုးသည်နှင့် တည်းခိုခ ပိုက်ဆံကို ခေါင်းအုံပေါ်တင်လိုက်သည်။

အောက်ထပ်မှလည်း အသံတချို့ကြားရ၏။

ဗေဒါ အသာလေးဆင်းလာလိုက်သည်။

မီးဖိုခန်းထဲတွင် ဆိုင်ရှင်လင်မယားအလုပ်ရှုပ်နေကြ၏။ ဗေဒါက အသာလေး ကိုယ်ကိုဖော့ကာ ပြတင်းပေါက်ကို ကျော်တက်လိုက်သည်။

ထို့နောက် ထမင်းဆိုင်၏ ခပ်ဝေးဝေးကားလမ်းမဆီသို့ ဉီးတည်လိုက်တော့၏။

ဟိုင်းလတ်ကားတစ်စီးက ဗေဒါဘေးတွင် ထိုးရပ်လာသည်။

“မော်လမြိုင် ဒိုင်းဝန်း အထိရောက်မယ်..ဆရာ..လိုက်မလား”

ဗေဒါက ဟိုင်းလတ်ကားပေါ်သို့ ခုန်တက်လိုက်၏။

အသစ်စက်စက် သံလွင်တံတားကြီးပေါ်အားဖြတ်သန်းပြီးသည့်နောက် ရောင်နီအောက်မှ မနက်လင်းစ မော်လမြိုင်မြို့က ဗေဒါကို ကြိုဆိုနေတော့သည်။

………………………………………….

ဗေဒါ က ဘုရားသုံးဆူမှတဆင့် ထိုင်းထဲသို့ ရောက်အောင်ဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော်..မစ္စတာလုအနေဖြင့် နယ်စပ်မြို့များတွင် သေချာပေါက်သူ့လူများကို ချထားလိမ့်မည်ဟု ဗေဒါ ခန့်မှန်းမိသောကြောင့်ပင်။

မြဝတီဘက်တွင်လည်း မစ္စတာလုနှင့်အတူ ဗေဒါလုပ်ငန်းများစွာလုပ်ဖူးသဖြင့် ဗေဒါအား သိသူက များပြားသည်။ မစ္စတာလုက မြဝတီမှ သူ့အဆက်အသွယ်များအား တချက်လှမ်းတောက်လိုက်ရုံဖြင့် ဗေဒါ့ကို ကွိခနဲ မိသွားနိုင်၏။

မစ္စတာလုအတွက် အလုပ်လုပ်ပေးရင် သိကျွမ်းခဲ့သည့် မည်သည့်မိတ်ဆွေများကိုမျှ လည်း ဗေဒါ မယုံကြည်။ ကိုနေဝင်းမှလွဲလို့ပေါ့။

ထို့ကြောင့်…ဗေဒါက ဆိုင်ကယ်ကယ်ရီဂိတ်သို့ သွားကာ ထိုင်းနိုင်ငံသို့ ထွက်သည့် လမ်းကြောင်းကို စုံစမ်းလိုက်သည်။

“လမ်းကြောင်းက လနဲ့ချီပြီးဆွဲရတာဗျ..အင်း.. ဒါများများပေးနိုင်ရင်တော့.. ချက်ချင်းသွားရမယ့်..လိုင်းတစ်ခုရှိတယ်..အဖွဲ့အစည်းကလူတွေလုပ်တာပဲ”

ဆိုင်ကယ်ကယ်ရီသမားလိုက်ပို့ပေးသည့် ထိုင်းဘက်လူသယ်ပေးသည့် အေးဂျင့်ဆိုသူက ဗေဒါ့ ကို ပိုက်ဆံပုံစံ လက်ဝိုင်းပြရင်း ပြောလိုက်သည်။

ဗေဒါက ရုတ်တရက် ဂျာနူး၏ ဒိုင်ယာရီစာအုပ်ထဲမှ ကာဗာစတိုရီဆိုသည့် အချက်ကို တွေးမိလိုက်၏။

“ရပါတယ်..ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ..ကျွန်တော်က ရန်ကုန်မှာ ငွေးကြေးကိစ္စပြဿနာတစ်ခုတက်လာတာ.. ဒါကြောင့် ထိုင်းကို ခဏရှောင်နေချင်တာ…ငွေအများကြီးမပါပေမယ့်..ဘယ်လောက်လဲသာပြောပါ”

“ခင်ဗျားက ဘယ်နေ့သွားချင်တာလဲ”

“ဒီနေ့ပဲ”

“ခဏနေဉီးနော်”

ထိုသူက ခြင်းဖုန်းဟုခေါ်သော ဖုန်းကို ယူကာ ခပ်လှမ်းလှမ်းထွက်သွားပြီး ဖုန်းဆက်နေ၏။

ခဏအကြာတွင် ပြန်လာသည်။

“ငါးသိန်းကုန်မယ်..လမ်းမှာအခြေအနေကောင်းရင် တစ်ရက်၊ လမ်းမှာ တိုက်ပွဲဘာညာ ရှိနေရင်တော့ လေးငါးရက်၊ တပတ်ကြာနိုင်တယ်..ဘုရားသုံးဆူကနေ ဟိုဘက်ကမ်းအရောက်..အာမခံတယ်”

“ရတယ်”

………………………………………….

ဟိုင်းလတ်ကား၏ ခေါင်းခန်းတွင် ဗေဒါ ထိုင်လိုက်လာရ၏။

မော်လမြိုင် သံဖြူဇရပ် ဘုရားသုံးဆူလမ်းက ခပ်ကြမ်းကြမ်း။

သုံးနာရီခန့်ကြာသောအခါ အပလုံတံတားဆိုသော နေရာသို့ ရောက်ရှိလာပြီး ကားက တံတားဘေးရှိ လမ်းခွဲထဲတွင် ရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

ဗေဒါက ကားဆရာကို မေးလိုက်၏။

“ဒီကနေ ကားချိန်းရမယ်ဗျ..ခင်ဗျားကို လာကြိုတဲ့ကား ခဏနေ ရောက်လာလိမ့်မယ်”

နာရီဝက်ခန့်အကြာတွင် တံတားဘက်ဆီမှ နောက်ထပ် ကားတစ်စင်း ဆင်းလာသည်ကို တွေ့ရသည်။

ကားပေါ်မှ အရပ်ပုပု၊ ခပ်ဝဝဖြင့် လူနှစ်ဉီး ဆင်းလာကြ၏။ တစ်ယောက်က ပျောက်ကျားအင်္ကျီဖြင့်။ တစ်ယောက်က ကရင်ဝတ်စုံကို ဝတ်ထားသည်။

“ကဲ..ခင်ဗျားကို ဆက်ခေါ်သွားမှာ..သူတို့ပဲ”

သူတို့ကားခေါင်ခန်းထဲတွင် ဗေဒါအား အလယ်မှ ထိုင်ခိုင်း၏။ ထို့နောက် သူတို့ချင်းကရင်စကားဖြင့် ပြောရင်း ကားကိုမောင်းထွက်လာကြသည်။

တစ်နေရာအရောက်တွင် ဖုန်းဝင်လာသဖြင့် ဗေဒါဘေးမှ ပျောက်ကျားဖြင့် တစ်ယောက်က သူ့လက်ကိုင်ဖုန်းကို ကိုင်ရင်း ပြောနေသည်။

ကရင်လိုပြောနေကြခြင်းဖြစ်သဖြင့် ဗေဒါ နားမလည်။

ဖုန်းပြောပြီးသည်နောက် ထိုသူက ကားမောင်သူကို တစုံတခု ပြောလိုက်၏။

ကားမောင်းသူက ကားကို ထိုးရပ်လိုက်သည်။

ဗေဒါ က သူတို့နှစ်ယောက်ကြားတွင် အသင့်အနေအထားပြင်ဆင်လိုက်၏။

“မင်း နာမည်ဘယ်သူလဲ”

ပျောက်ကျားနှင့်လူက မေးလိုက်ခြင်းပင်။

“ခင်ဗျားတို့ ဘာလုပ်မလို့လဲ”

ပျောက်ကျားနှင့်လူက ကားကူရှင်အနောက်သို့ လက်လှမ်းလိုက်၏။

သူ့လက်ထဲတွင် မောင်းပြန်သေနတ်တစ်လက်။

“မင်းနာမည်ကိုသာ မှန်မှန်ပြောစမ်းပါကွယ်”

ဗေဒါ သက်ပြင်းချလိုက်သည်။ သူတို့ ယူထားသည့်အနေအထားက သူ့အတွက်မလွယ်။

မောင်းပြန်သေနတ်ကို လုရန်ကလည်း မဖြစ်နိုင်။ ထိုသူများပုံက လက်နက်ကိုင်တွယ်မှုကို သူ့ထက်ပိုမိုကျွမ်းကျင်သည့်ပုံစံများ။

“ငါ့နာမည် ဗေဒါ”

“အဲ့ဒါဆို ကားပေါ်က ဆင်းတော့..လက်ကိုမြှောက်ထား”

ဗေဒါက လက်ကို မြှောက်ထားလိုက်သည်။

“ရှေ့က လမ်းကြားအတိုင်း ဆင်း”

တောလမ်းလေးအတိုင်း ဗေဒါက ဆင်းသည်။ အနောက်တွင် သူတို့နှစ်ယောက်။

မြစ်ကမ်းတစ်ခုနားသို့ သူတို့ရောက်သွားကြ၏။

ထိုနေရာကား ဇမိမြစ်။ ရေစီးက ခပ်ကြမ်းကြမ်း။

“ဒီနေရာမှာ မြစ်ဘက်ကိုလှည့်ပြီး ငုတ်တုတ်ထိုင်နေ..မလှုပ်နဲ့..လှုပ်တာနဲ့ အတွဲလိုက်ကို ပစ်မှာ”

ဗေဒါလည်း ကမ်းဘေးတွင် ငုတ်တုတ်ထိုင်လိုက်၏။ သူ့နောက်‌စေ့ကို သေနတ်ပြောင်းက ခပ်ကြမ်းကြမ်းလာထောက်ထားသည်။

သူ့အား ပစ်သတ်ပြီး အလောင်းအား ရေထဲမျောလိုက်လျှင် မည်သူမျှ သိမည်မဟုတ်။ အနီးတဝိုက်တွင်လည်း တောနှင့်တောင်ချည်း။

မြစ်လယ်ကျွန်းဆီမှ စိမ်းစိုစိုသစ်ပင်များကို ဗေဒါ လှမ်းကြည့်နေမိသည်။

သူ့ဘဝ ဒီနေရာတွင် အဆုံးသတ်တောမည်လား။ မစ္စတာလု၏ လက်တံမှ သူလွတ်အောင်မပြေးနိုင်တော့ဘူးလား။

ထိုအချိန်တွင် အနောက်ဘက်မှ ကားသံများ ထပ်ကြားရ၏။

ကရင်ဘာသာဖြင့် ပြောသံများကြားရသည်။

လက်နက်ကိုင်အဖွဲ့အစည်းအတော်များများနှင့်အချိတ်အဆက်ရှိသော မစ္စတာလုကို သူအထင်သေးခဲ့မိသည်မှာ မှားခဲ့ပြီလား။

ရုတ်တရက် သူ့မျက်နှာကို အဝတ်တစ်ခုဖြင့် လာရောက်စည်းနှောင်ခံလိုက်ရ၏။

ထို့နောက် လက်နှစ်ဖက်ကိုလည်း ကြိုးတုတ်ခံလိုက်ရသည်။

သွားပြီ…နောက်ဆုံးအချိန်တွင်ပင်…လောကကြီးကို ငေးကြည့်ခွင့်မရတော့။

မှောင်မှောင်မဲမဲနှင့် သေရတော့မည်။

“ထ”

ဗေဒါ မတ်တပ်ရပ်လိုက်၏။

လူနှစ်ယောက် ဗေဒါကို လက်နှစ်ဖက်မှ ကိုင်ကာ ခေါ်သွားကြသည်။

“ကိုယ်ကိုကိုင်းပြီး…အပေါ်ကို လှမ်းတက်လိုက်”

ဗေဒါ သူတို့ပြောသည့်အတိုင်း လှမ်းတက်လိုက်သည်။

“ထိုင်ချ”

ထိုင်ချလိုက်ရပြန်သည်။

သည်အတိုင်းဆို သူ့ကို လောလောဆယ်မသတ်သေး။ မစ္စတာလုထံ ခေါ်သွားပြီးမှ သတ်ကြမည်ပေါ့။

ဒါဆိုရင် သူ့ကို လာခေါ်သည်မှာ စိုင်းနွံလား။

“စိုင်းနွံ..မင်းလား”

“စကားမများနဲ့..ဟေ့ကောင်..ပါးစပ်ပိတ်ထား”

စိုင်းနွံအသံလည်းမဟုတ်။ အသံစိမ်းများ။

ကားက ခပ်ကြမ်းကြမ်းမောင်းထွက်သွားသည်။

………………………………………….

“ဗေဒါ..ဗေဒါ..ဗေဒါ..နာမည်ကတော့…အဟုတ်သားဟေ့”

မမြင်ရသောအရပ်မှ အသံရှင်။

“မင်း..သတင်းကိုတော့ ငါတို့ ကြားထားပါတယ်..ဒါနဲ့ မင်းက ဘုရားသုံးဆူကနေတဆင့် ထိုင်းကို ပြေးမယ်ပေါ့..ဟုတ်လား”

ဗေဒါ ဘာမှ ပြန်မဖြေ။

“မင်း…သေရမှာ မကြောက်ဘူးလား”

ဗေဒါက ပုခုံးတွန့်ပြီး အသံထွက်အောင် ရယ်လိုက်သည်။

“ဘာရယ်တာလဲကွ”

“သေရမှာ လူတိုင်းကြောက်တာပဲဗျ…အင်း..ဒါပေမယ့်..ဒီလိုချည်း မျက်လုံးပိတ်ခံထားရ၊ လက်ကြိုးတုပ်ခံထားရပြီး သေရမှာကတော့ မတန်ဘူးထင်လို့”

“မင်းက ဘယ်လိုသေချင်လို့လဲ”

“သေမယ့်အတူတူတော့….ရသလောက် မသေအောင် တိုက်ခိုက်ပြီး သေသွားရတာက အဓိပ္ပါယ်ရှိတာပေါ့”

“အင်း..တယ်လာတဲ့ကောင်ပဲ..အေးပါ..မကြာခင်..မင်းတို့ တွေ့ချင်နေတဲ့သူဆီ မင်းရောက်မှာပါ”

“ကျုပ်ကလည်း အဲ့ဒီလူနဲ့တွေ့ပြီးစကားတွေပြောချင်နေတာ..စာရင်းတွေရှင်းချင်နေတာပါ”

“ဟုတ်ပြီ..ရှင်းရမယ်..ရှင်းရမယ်”

ကားပေါ်မှ အသံတိတ်သွားသည်။

နောက်ထပ် နာရီဝက်ခန့်မောင်းပြီးနောက် ကားက ထိုးရပ်သွား၏။

“ဆင်းတော့”

ဗေဒါ ကားပေါ်မှ ဆင်းလိုက်သည်။ သူ့ဘေးမှ လူနှစ်ဉီးက တွဲခေါ်သွား၏။

အဆောက်အဉီတစ်ခုပေါ်သို့ ဗေဒါ လှေကားအတိုင်းတက်ရသည်။

ထို့နောက် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ခိုင်းလိုက်၏။

ဗေဒါ့လက်မှ ကြိုးကို ဖြည်ပေးလိုက်ကြသည်။

ကြိုးပြေသွားသည်နှင့် ဗေဒါက သူ့မျက်လုံးတွင်စည်းထားသော အဝတ်ကို ဖြည်လိုက်၏။

“မတွေ့တာကြာပြီနော်..မောင်ဗေဒါ”

ဗေဒါက အလင်းရောင်ကြောင့် ကျိန်းစပ်နေသော မျက်လုံးများကို အားယူကြည့်လိုက်သည်။

သူ့ရှေ့တွင် ခြေချိတ်ထိုင်နေသာ အမျိုးသမီးကြီးတစ်ဦး။

“မင်း..ငါ့ကို မှတ်မိသေးရဲ့လား”

ဘယ်အချိန်ပြန်တွေ့ရ တွေ့ရ..မှတ်မိနေဦးမည့်..ရင့်ကျက်သော..စူးစူးရှရှ..ထိုအလှတရား။

“မမယု…အဲ…ဒေါ်ယုယုမော်”

ခက်ဇော်

အခန်း ၃၄ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>