ဘိန်းစာရွက်နဲ့ အာစီယံ သောက်တာ ဆိုးကျိုးရှိသလား

0
4164

တောင်ပိုင်းဒေသတွင် ရှင်သန်ဖြစ်ထွန်းပြီး လူအသုံးများသည့် ဘိန်းစာရွက်နှင့် အာစီယံမှာ အာဏာသိမ်းပြီးနောက်ပိုင်း  ပိုမိုတွင်ကျယ်လာသည်။

ဘိန်းစာရွက်ကို မြန်မာနိုင်ငံတွင် မူးယစ်ဆေးအုပ်စုဝင်အဖြစ်သတ်မှတ် တားမြစ်ထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ တရားဝင်ရောင်းဝယ်  သုံးစွဲခွင့်ပြုထားသည်။

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ကို တရားဝင်သုံးစွဲခွင့်ပြုထားသည်ဆိုသော်လည်း ပြုပြင်ရောနှောပြီး အသုံးပြုရောင်းချခြင်းကိုမူ တားမြစ်ထားသည်။

ဘိန်းစာရွက်ကို အစိမ်းစားကြသည့်အပြင် ပြုတ်ပြီးရလာသည့်အရည်တွင် ချောင်းဆိုးပျောက်ဆေးရည်၊ ကိုကာကိုလာ အစသဖြင့် နှစ်သက်ရာ ရောထည့်ပြီး သောက်သုံးလေ့ရှိသည်။

လက်ရှိတွင် ဘိန်းစာရွက်ပြုတ်ရည်နှင့်နှစ်သက်ရာ ရောနှောထားသည့်  အာစီယံကို မြန်မာနှင့် ထိုင်းနိုင်ငံရှိ လူငယ်လူကြီးမရွေး သောက်သုံးလာကြသည်။

ယင်းအရည်ကို သောက်သုံးပါက လူကိုလန်းဆန်းစေသည်၊ ဆီးချိုကျစေသည်၊ အလုပ်လုပ်နိုင်စွမ်းပိုတိုးလာသည် စသဖြင့် အမျိုးမျိုးယူဆကာ သောက်သုံးနေကြသည်။

ထိုကြောင့် ဘိန်းစာရွက်၊ အာစီယံ၏ ကောင်းကျိုး ဆိုးကျိုးနှင့် ပတ်သက်၍ သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်း၍ကောက်နုတ်တင်ဆက်လိုက်ပါသည်။

DW – ဘိန်းစာရွက်ကိုစားရင် ဒါမှမဟုတ် ကျိုသောက်ရင် ဆီးချိုကျတယ်ဆိုပြီး ပြောနေကြတာရှိတာပေါ့နော်ဆရာ။ ဆေးပညာရှုထောင့်အရဆိုရင်ရော ဘယ်လိုရှိလဲ ခင်ဗျား။

Dr – ခါးတဲ့အရာမှန်သမျှ ဆီးချိုကျတယ်ခင်ဗျား။ ခါးတဲ့ဟာတွေကိုပြုတ်သောက်ကြည့် ဆီးချိုကျတယ်။ ကြက်ဟင်းခါးသီးလည်း ဆီးချိုကျတယ်။ ဆီးချိုကျတာတော့မှန်တယ်။ ဘယ်လောက်သောက်ရင် ဘယ်လောက်ကျတယ်။ ဘယ်လောက်သန့်ရှင်းမှုရှိတယ် ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ခက်တာက မြန်မာနိုင်ငံမှာ စစ်ဆေးထားတာမရှိဘူး။ ဥပမာ ဘိန်းစာရွက်ပဲဆိုပါစို့။ ဒီအပင်က ဓာတ်မြေဩဇာ ထိထားတယ်။ ဒီအပင်ကတော့ ခါးတာ အဆင့်နှစ်ဆယ်ရှိတယ်။ ဒီပင်က ခါးတာ ၈ ပဲရှိတယ်။ ဒီလိုဟာမျိုးတွေလည်း ကွာသေးတယ်။ (ပေါက်ရောက်ရာ ဒေသအပေါ်တွင် မူတည်ကာ အရည်အသွေး ကွာခြားမှုလည်း ရှိနိုင်သည်)

ပြီးရင် ဘိန်းစာရွက်ကို ကျိုလိုက်တာ။ ကျိုလိုက်ရင် ဘယ်လောက်ပျစ်ပျစ်ကျိုတာလဲ။ ဘယ်လောက်မီးများများနဲ့ ဘယ်လောက်ရေနည်းနည်းနဲ့ ကျိုတာလဲ အဲဒါတွေအပေါ်မှာ မူတည်ပြီးတော့လည်း ကျတယ် မကျဘူးဆိုတာ အပြောင်းအလဲတွေ အများကြီးရှိတာပေါ့နော်။

အဲဒီတော့ ဆီးချိုသမားသာဖြစ်နေတယ်ဆိုရင် တရားဝင်သတ်မှတ်ထားတဲ့ အင်္ဂလိပ်ဆေးတွေက အကောင်းဆုံးပဲ။ အင်္ဂလိပ်ဆေးက ဒီဆေးပေးမယ်ဆိုရင် သုတေသနလုပ်ထားရတယ်။ ဒီဆေးက chemical(ဓာတုဆေးဝါး)တော့ဖြစ်တယ်။ လူကိုတော့ ဘေးထွက်ဆိုးကျိုးကရှိတာပဲ။ သဘာဝသစ်ရွက်တွေကို ကျိုသောက်လည်း သစ်ရွက်တွေမသန့်တာတို့ဘာတို့ ပြီးရင် chemical တွေ ထိထားတာတို့ ရေသေချာမဆေးနိုင်တာတို့ ဘာတို့ပေါ့နော်။ အဲလိုဟာမျိုးတွေရှိတာဖြစ်တဲ့အတွက် chemicalသောက်ရင်လည်း ဘေးထွက်ဆိုးကျိုးရှိတယ်။ ရိုးရိုးဟာသောက်ရင်လည်း ဘေးထွက်ဆိုးကျိုးရှိတယ်။ ဒါပေမဲ့ chemical တွေမှာကျတော့ တိတိကျကျ သတ်မှတ်ထားနိုင်တယ်။ အခုဲက ဘိန်းစာရွက်ကို ကျိုသောက်ရင် (ဆီးချို)ကျမယ်။ ဒါပေမဲ့ အဲဒီကျတဲ့ဟာသည် ဘယ်လောက်ကြာကြာခံမှာတုန်း။ ဘယ်လောက်များများသောက်မှ ဘယ်လောက်ကျမှာတုန်း။ ဘယ်လောက်ပျစ်ပျစ်သောက်ရမှာတုန်း။ ဒီလိုဟာတွေ ထည့်ပြီးတွက်ရမှာဖြစ်တဲ့အတွက် အယူအဆ အမှား။ ဘေးထွက်ဆိုးကျိုးတွေက စွဲလမ်းစေတဲ့စိတ်ကိုလည်း ဖြစ်စေတာလည်း မှန်သလို မမျှော်လင့်နိုင်တဲ့ သစ်ဥသစ်ဖုတွေရဲ့ ဘေးထွက်ဆိုးကျိုးပေါ့နော် အဲလိုဟာတွေလည်းရှိတာဖြစ်တဲ့အတွက် ကြိုက်လို့သောက်ရင်သောက် ဆီးချိုကြောင့်တော့ မဟုတ်ဘူးခင်ဗျား။

DW- ဘိန်းစာရွက် ဒါမှမဟုတ် ကျိုထားတာကို ရေရှည်သောက်တယ်ဆိုရင် ဘာဖြစ်လာနိုင်လဲပေါ့နော် ဆရာ။

Dr – အနည်းဆုံး ကျောက်ကပ်နဲ့အသည်း ပျက်မယ်ခင်ဗျား သေချာတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်ခန္ဓာမှာ သိလျက်နဲ့ မသိဘဲနဲ့ ဝင်သွားတဲ့ အဆိပ်အတောက်တွေရှိတယ်။ အဲကောင်(အဆိပ်)တွေကို အသည်းနဲ့ကျောက်ကပ်နဲ့က ဖယ်ပေးရတာ။ ဆိုတော့ များများဖယ်ရလေ မြန်မြန်ပျက်ဖို့ ရာခိုင်နှုန်းများလေပဲ။ နောက်တစ်ချက်က ဘာဖြစ်နိုင်လဲဆိုတော့ ဒီအရွက်တွေမှာ ဘယ်လိုမှ သန့်တယ်လို့ ပြောလို့မရဘူးလေ။ ကြွက်သေးတွေ၊ လင်းနို့သေးတွေလည်း ပေလာတာဖြစ်နိုင်တယ်။ စိုထိုင်းဆတွေကြောင့် မှိုတွေပါလာတယ်။ ဒီအတိုင်းကျိုရုံနဲ့ မှိုကထွက်တဲ့ဟာတွေက မကြေဘူး။ နောက်တစ်ချက်က တန်ဆေးလွန်ဘေး ဆိုသလို အများကြီးစားလိုက်တဲ့အချိန်မှာပေါ့နော် ကိုယ်ခန္ဓာကိုလည်း ထိုင်းမှိုင်းစေတာပေါ့နော်။ ထိုင်းမှိုင်းစေတာဖြစ်တဲ့အတွက် ဦးနှောက်ကို တက်ကြွစေတဲ့ဟာတွေက သွားပြီးတော့ ပိတ်မှာလေ။ ပိတ်လိုက်မယ်ဆိုရင် အစားအသောက်မစားဘူး။ အဲလိုဟာတွေဖြစ်လာမယ်ဆိုရင် ကိုယ်ခန္ဓာက ပိုအလုပ်လုပ်ရမယ်။ကိုယ်ခန္ဓာထဲမှာရှိတဲ့ လိုအပ်တဲ့အချိုဓာတ်ရအောင်လို့ဆိုပြီးတော့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ဆဲလ်တွေထဲက အဆီတွေကိုဖြိုခွဲမယ်။ ဖြိုခွဲရင် အသည်းတွေက ပိုအလုပ်လုပ်ရတယ်။ အဲလိုဖြိုခွဲတဲ့အချိန်မှာထွက်လာတဲ့ဟာတွေကို ကျောက်ကပ်က စွန့်ပစ်ရတယ်။ ဥပမာ ဘိန်းစာရွက်ထဲမှာ ဒီကွန်ပေါင်း ဒီကွန်ပေါင်းတွေနဲ့ ဒီဟာတွေ… ဒီဟာတွေပါလို့ ကျောက်ကပ်ကိုပျက်စီးစေပါတယ်ဆိုတာကို ရှင်းဖို့အတွက်က ဓာတ်ခွဲထားရမယ်။ အဲဒီဓာတ်ခွဲတဲ့အဖြေမသိရင် ပြောလို့မရဘူး။

DW- အခုကလေ ဘိန်းစာရွက်ကျိုတဲ့အရည်ထဲကို ဘာထည့်လဲဆိုတော့ အများစုက ချောင်းဆိုးပျောက်ဆေးရည်ထည့်ပြီး ကိုကာကိုလာနဲ့ရောတယ်ပေါ့နော်ဆရာ။ ဒါကို တစ်နေ့ကို တစ်လီတာဘူး နှစ်ဘူးကနေ သုံးဘူးလောက်အထိ သောက်နေကြတယ်ပေါ့နော်။ ဆိုတော့ အဲလိုမျိုးသောက်နေခြင်းအားဖြင့် ဘာတွေဖြစ်လာနိုင်လဲ။

Dr – နှာစေးချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး သောက်ကြတယ်မဟုတ်လား။ အဲဒီအချိန်မှာတောင် ချောင်းဆိုးပျောက်ဆေး သောက်ပြီးရင် လူက ခေါင်းမကြည်တာတို့ အိပ်ချင်တာတို့ အဲလိုတွေရှိတယ်လေ။ ချောင်းဆိုးတယ်ဆိုရင် ချောင်းဆိုးပျောက်ဆေး ကို မနက်တစ်လုံး နေ့လယ်တစ်လုံး ညတစ်လုံးပဲ တိုက်တယ်လေ။ ချောင်းဆိုးပျောက်ဆေးအရည်ဆိုရင် မနက်တစ်ဇွန်း၊ နေ့လယ်တစ်ဇွန်း ညတစ်ဇွန်းပဲ တိုက်တယ်လေ။ အဲလိုမဟုတ်ဘဲနဲ့ တစ်ဘူးလုံးသာ တိုက်တယ်ဆိုရင် အဲဒီချောင်းဆိုးပျောက်ဆေးရဲ့ Over Does (ဆေးအလွန်အကျွံသုံးတာ) အဲဒါကြောင့်မို့လို့လည်း ကျောက်ကပ်တို့ အသည်းတို့က ပျက်စီးစေတယ်။ သူက ကိုယ်ခန္ဓာရဲ့လိုအပ်ချက်ထက် ပိုသွားတော့ ကိုယ်ခန္ဓာကနေ အဆိပ်ဆိုပြီးရှင်းပစ်တာဗျ။ ရှင်းပစ်ဖို့အတွက် အင်စိုင်းတွေလိုတယ်။ အလုပ်တွေ ပိုလုပ်ရတယ်။

နောက်တစ်ချက် ကိုကာကိုလာထည့်တယ်ဆိုတဲ့ ကိစ္စပေါ့နော်။ အဲဒါကတော့ သောက်လို့ကောင်းအောင် ထည့်တာ။ ကိုကာကိုလာထည့်ရင် ဆီးချိုပိုတောင်တက်သေးတယ်။ ဆီးချိုသမားတွေဆို ကိုကာကိုလာ မသောက်ခိုင်းဘူးလေ။ ကိုကာကိုလာထဲမှာ (သကြားတစ်မျိုး) ပိုပါတာကိုး။

DW – အခုလိုဖြေကြားပေးတာ ကျေးဇူးပါနော်ခင်ဗျား။