စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကျောက်ရပ်ရွာသားသုံးဦး ၂ ရက်ကြာသည်အထိ ပြန်မလွတ်သေး

0
2771

စစ်ကောင်စီက ဖမ်းဆီးထားသည့် ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ လူငယ်သုံးဦးမှာ ယနေ့ ဇွန်လ ၂၃ ရက်အထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်သုံးဦး နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရဟုဆိုသည်။

“ PDF နဲ့အဆက်စပ်ရှိလို့ဆိုပြီး လာဖမ်းသွားတာလို့ပြောတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဖမ်းခံရသူတို့၏ အမည်များကိုမူ စုံစမ်းနေဆဲသာရှိသေးသည်။

ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်စိန်နှင့်အဖွဲ့သည် နှစ်ပတ်ခန့်ကြာ ရွာမှပျောက်သွားပြီးနောက် ဇွန်လ ၂၁ ရက်တွင်ကျောက်ရပ် ရွာသို့ပြန်လည်ရောက်လာကြောင်း၊ ယင်းနောက် ထိုလူငယ်သုံးဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

အဆိုပါ ပျူစောထီးအဖွဲ့မှာ ကျောက်ရပ်ရွာလယ်ဇရပ်တွင် ကင်းစောင့်သည်ဟုဆိုကာ လမ်းသွားလမ်းလာများ၏ဖုန်းကို စစ်ဆေးခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းခြင်းတို့ ပြုလုပ်လေ့ရှိသည်။

ယခုနှစ် ဧပြီလက ၎င်းတို့၏ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ့စစ်ထောက်ပံ့ကြေး ဟုဆိုကာ တစ်အိမ်လျှင် ၃၀၀၀ ကျပ် လစဥ်ကောက်ခံခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ဇန်နဝါရီလကလည်း ကျောက်ရပ်ကျေးရွာအုပ်စု ပေါက်တိုင်းရွာက ရပ်မိရပ်ဖ အမျိုးသား ၃ ဦးကို စစ်တပ်က ဆယ်ရက်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ဖူးသည်။