ထားဝယ်စီမံကိန်း ရွှေနန်းရှင်၏ ကြွေးထူဇာတ်

0
1390

ပြီးခဲ့သည့် ၁၅ နှစ်ကျော်က ဖြစ်သည်။ မြန်မာစစ်အစိုးရက အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်းကို မေးလိုက်သည်။

“ခင်ဗျား ဒီစီမံကိန်းကို လုပ်ချင်လား”

ပရီချိုင်းက မဆိုင်းမတွပင်ဖြေလိုက်သည်။

“လုပ်မယ်”

သူတို့ မယူလိုက်ရပါက အခြားနိုင်ငံခြားသားများ ယူသွားမည်။ ထိုကြောင့်ပင် သူ့စိတ်ကူးဖြင့် ဖဲရိုက်လို့ရသည့် ထိုစီမံကိန်းကို လက်ခံလိုက်သည်။ သို့သော် ယခုအချိန်တွင် သူနှင့် သူ့ကုမ္ပဏီ၏ ကံကြမ္မာကို အကြွေး အမှောင်တွင်းထဲ တွန်းပို့လိုက်မည့် ဆုံးဖြတ်ချက်မျိုး ဖြစ်လာမည်ကို သူသိလျှင် လက်ခံကောင်းမှ လက်ခံပါလိမ့်မည်။

ထိုသို့ဖြင့် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်းမှာ ထားဝယ်စီမံကိန်း၏ ရွှေနန်းရှင် ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံး အထူးစီးပွားရေး ဇုန် ဖြစ်လာမည်။ ထိုအချိန်က အမှောင်ကာလ မြန်မာနိုင်ငံကို ပြောင်းလဲပေးနိုင်မည့် စီမံကိန်း စသည်ဖြင့် ကြွေးကြော်ခဲ့သော ထားဝယ် စီမံကိန်းကို ITD ဟု အတိုကောက်ခေါ်သော အီတာလျံ-ထိုင်း က အလုံးစုံ လုပ်ကိုင်ခွင့်ရခဲ့သည်။

ထားဝယ်ခရိုင် ကမ်းရိုးတန်းတွင် စင်ကာပူနိုင်ငံ၏ သုံးပုံ တစ်ပုံမျှ ကျယ်ဝန်းသော မြေဧရိယာတွင် ရေနက်ဆိပ်ကမ်း၊ သင်္ဘောကျင်း၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ။ သံမဏိ စက်ရုံ၊ ရေနံသန့်စင်စက်ရုံ၊ ရေနံ ဓာတုစက်ရုံများ၊ ပလစ်စတစ်ပစ္စည်း စက်ရုံများ အပါအဝင် အကြီးစား၊ အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းများပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်ထက် ဆယ်ဆမျှ ကြီးမားသော စက်မှုဇုန် အိပ်မက် မက်ခဲ့သည်။

ပရီချိုင်းနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီအတွက်တော့ လွယ်လွယ်ထီဆုကြီးပေါက်သည့် ကိစ္စဟု မှတ်ထင်ထားခဲ့သည်။ ထိုင်း၊ ဂျပန်တို့ အပါအဝင် အခြားနိုင်ငံတော်တော်များများက လက်မခံတော့သော ညစ်ညမ်းစက်ရုံများကို ထားဝယ်စီမံကိန်းတွင် လုပ်နိုင်မည်။ စစ်အာဏာရှင်ခေတ် ထိုအချိန်က သဘာဝပတ်ဝန်းကျင် ဘာညာ များစွာ ဂရုစိုက်စရာမလို။

စီမံကိန်း ဧရိယာတွင် နေထိုင်လျက်ရှိသည့် ထောင်ချီသော ဒေသခံများနှင့်လည်း များစွာ ညှိနှိုင်းစရာ မလို။ ထွက်သွားရန် နှင်ထုတ်လိုက်ရုံသာဖြစ်သည်။ ထို့အတွက် စရိတ်စက များစွာ သက်သာသည်။ ဆိုရလျှင် အရင်းနည်းနည်းနှင့် အမြတ်များများ ကျန်မည့် ဆုကြီးဖြစ်သည်။

သို့သော် . . . မနိုင်ဝန်ဖြစ်သော ထိုစီမံကိန်းကို ယူမိသွားသည်က အီတာလျံ-ထိုင်း ယနေ့ အချိန် အကြွေးဝန်ပိပြီး ဒေဝါလီခံရလုလုနီးအချိန် ဖြစ်သွားစေသည့် အကြောင်းအချက်များအနက် တစ်ခု ဖြစ်သွားစေခဲ့သည်။

အကြွေးဒဏ်

အီတာလျံ-ထိုင်းမှာ ထိုင်းနိုင်ငံ၏ ပြယုဂ် သု၀ဏ္ဏဘူမိလေဆိပ်ကို ဆောက်လုပ်ခွင့်ရသည့် နိုင်ငံအတွင်း အကြီးဆုံးဆောက်လုပ်ရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း မိုးပျံရထားလမ်းများ၊ အမြန်လမ်းမကြီးများကိုလည်း ဆောက်လုပ်ခွင့်ရခဲ့ဖူးသည်။ ယခုအခါ ကြွေးမြီပြဿနာများအပါအဝင် ငွေကြေးပြဿနာများကို နှစ်စဉ် ကြုံတွေ့လာနေရသည်။

ပြီးခဲ့သောနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အီတာလျံထိုင်းကုမ္ပဏီတွင် ချေးငွေအားလုံးစုစုပေါင်း ၁၀၈ ဘီလီယံဘတ် (ဒေါ်လာ ၃ ဘီလီယံ) အထိ ရှိနေသည်။ ယင်းချေးငွေများအားလုံးတွင် ငွေတိုက်စာချုပ်များ (bonds)၊ အလုံးအရင်းချေးငွေများနှင့် ကုန်သွယ်ချေးငွေများ အားလုံးပါဝင်သည်။ ယခုနှစ်ကုန်တွင် ဆပ်ရမည့် ကော်ပိုရိတ်ငွေချေးစာချုပ်များပါ စုစုပေါင်းလိုက်ပါက ကုမ္ပဏီ၏ အကြွေးမှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံမျှ အထိရှိနေသည်။

ချေးငွေများအပါအဝင် ပြီးခဲ့သောနှစ် ၂၀၂၃ ခုနှစ် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကိုလည်း စာရင်းစစ်များထံသို့ ကုမ္ပဏီဘက်က ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။ ယင်းရှင်းတမ်းကို ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ရွှေ့ဆိုင်းပေးရန် ကုမ္ပဏီက တောင်းဆိုထားသည်။ နောက်ဆက်တွဲအနေဖြင့် ယခုနှစ်မတ်လတွင် ကုမ္ပဏီ၏ စတော့ ရှယ်ယာတန်ဖိုးများ ထက်ဝက်ခန့်အထိ ကျဆင်းလာခဲ့သည်။

ကုမ္ပဏီမှာ အကြွေးများ ပုံမှန်ဆပ်ရန်၊ သို့မဟုတ် မြီရှင်တို့၏ ချေးငွေပြန်ဆပ်နိုင်ကြောင်း ယုံကြည်မှု ရရန် ရုန်းကန်နေရရုံမက မြန်မာအလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ ကုမ္ပဏီအောက်က အလုပ်သမားများနှင့် ကန်ထရိုက်တာများကို လုပ်အားခနှင့် လစာငွေများ အချိန်နှင့် တပြေးညီပေးချေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ယင်းပြဿနာများကို သက်သာဖြေလျော့လာနိုင်ရေး ကုမ္ပဏီဘက်ကနေ ဘဏ်များတွင် ချေးငွေအသစ်များချေးရန် ရှာဖွေနေခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အကြောင်းရင်းခံ

ကုမ္ပဏီဘက်ကမူ တည်ဆဲ ဆောက်လုပ်ရေး လုပ်ငန်းများ၏ ဝင်ငွေမှာ ထွက်ငွေထက် များနေသဖြင့် ထိုသို့ အကြွေးပြန်ဆပ်ရန် ကြန့်ကြာနေရခြင်းဟုဆိုသည်။ အဝေးပြေးလမ်း၊ အမြန်လမ်း အနည်ဆုံး စီမံကိန်း ငါးခု ရှိပြီး အခြား ဆောက်လုပ်ရေးလုပ်ငန်း ၇ ခုတို့ မပြီးသတ်နိုင်သေးဘဲ ရှိနေခြင်း၊ စရိတ်စကများ တက်လာခြင်းကြောင့် ထိုသို့ ကြွေးမြီပိနေခြင်းဖြစ်ကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သို့သော် ယင်းမတိုင်မီကတည်းက ကုမ္ပဏီ ကြွေးမြီပိရခြင်း အခြားအကြောင်းရင်းများစွာ ရှိနေသေးကြောင်း ဂျပန်အခြေစိုက် နီကိုင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုစဉ်က အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိ ထားဝယ်စီမံကိန်း နှင့် အမြန်ရထားလမ်း ရပ်ဆိုင်းလိုက်ရခြင်း၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဒုံဌာနီရှိ ပိုတက်စ် သတ္တုတွင် နှစ်ပေါင်း ဆယ်ချီ ရှေ့ဆက်မတိုးနိုင်ခြင်းတို့က ကုမ္ပဏီကို အထိနာစေခဲ့သည်ဟုဆိုသည်။ ပိုတက်စ်သည် အီလက်ထရစ်ယာဉ်များတွင် အသုံးပြုသည့် ဘက်ထရီတွင် တစ်စိတ်တစ်ပိုင်းအသုံးပြုနိုင်သော သတ္တုတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကုမ္ပဏီ အသားတင် အရှုံးပြခဲ့သည်။

ယင်းအပြင် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌ ပရီချိုင်းမှာ ထိုင်းနိုင်ငံ ကန်ချဘူရီတွင် ထိန်းသိမ်းရေး သစ်တော တစ်ခုအတွင်း ကျားသစ်နက် အပါအဝင် တောရိုင်းတိရစ္ဆာန် တရားမဝင်အမဲလိုက်မှုဖြင့် ၂၀၁၉ ခုနှစ်က ထောင်ဒဏ် ချမှတ်ခံရသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ယင်းမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီများအနက် တစ်ခုဖြစ်သော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့သည်။ ပရီချိုင်းမှာ အီတာလျံ-ထိုင်း ကုမ္ပဏီတွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူလည်း ဖြစ်သည်။

ထားဝယ်စီမံကိန်း နန်းကျဘုရင်

အီတာလျံ-ထိုင်းမှာ အကြီးစား ထားဝယ်စီမံကိန်းကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အလုံးစုံ လုပ်ပိုင်ခွင့် ရခဲ့သည်။

သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဆွဲဆောင်နိုင်မှုကြောင့်ဟု ဆိုကာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အီတာလျံ-ထိုင်းကို အလုံးစုံ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအဖြစ်မှ ရုပ်သိမ်းလိုက်သည်။ စီမံကိန်းမှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရသည့် ပုံစံဖြစ်သွားသည်။

အီတာလျံ-ထိုင်းမှာ အလုံးစုံ တည်ဆောက် လည်ပတ် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ အဖြစ်မှ စီမံကိန်းအတွက် လိုအပ်သော အခြေခံ အဆောက်အဦများ တည်ဆောက်ရသည့် ကန်ထရိုက်တာ ကုမ္ပဏီဖြစ်သွားသည်။ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်မှုနှံအတွက် အခက်အခဲ ဖြစ်နေချိန် ၂၀၁၅ ခုနှစ်တွင် ဂျပန်အစိုးရ ဝင်ရောက်ရင်းနှီးမည်ဖြစ်ကြောင်း အချက်ပြသည်။ သို့သော် ဂျပန်အစိုးရ ၂၀၁၉ ခုနှစ်အထိ မည်သို့ ပါဝင် ရင်းနှီးလုပ်ကိုင်မည်ကို အဘောတူညီချက် မရနိုင်ခဲ့ပေ။

စီမံကိန်းမှာ မရောမှုများ ဆက်ဖြစ်နေသည်။

ယခင်အစိုးရလက်ထက်များက ဆုံးဖြတ်လက်မှတ်ထိုးခဲ့သော စီမံကိန်းများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် ပြန်လည်စိစစ်မှုရှိလာပြီးနောက်ပိုင်း ရလဒ်မကောင်းသော အီတာလျံ-ထိုင်း ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စီမံကိန်းမှ ထုတ်ပယ်လိုက်သည်။

မြေပြင်တွင် စက်ယန္တရားများ အမှန်တကယ် စာရင်းအတိုင်း မရှိနေမှု၊ စီမံကိန်းကို သတ်မှတ်ချိန် အမီ မလုပ်ကိုင်နိုင်ဘဲ ကြန့်ကြာမှုကြောင့်လည်း အီတာလျံ-ထိုင်း ကုမ္ပဏီကို မြန်မာအစိုးရက ဒေါ်လာ သန်းချီ ဒဏ်ရိုက်ခဲ့ဖူးသည်။ မြန်မာအစိုးရကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့် တစ်နှစ် ဒေါ်လာ သုံးသန်းကို အချို့သာ ပေးချေသေးပြီး အနည်းဆုံး ဒေါ်လာ ၇ သန်းမှ ၉ သန်းအထိ ပေးချေရန် ကျန်ရှိသေးသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အီတာလျံ-ထိုင်း ကုမ္ပဏီက စစ်ကောင်စီ ခေါင်းဆောင် အချို့နှင့် တွေ့ဆုံပြီး လုပ်ငန်းပြန်လည် ရရှိရန် ကြိုးပမ်းခဲ့သေးသည်။ ယင်းနောက် နောက်ဆက်တွဲ သတင်းများကို မသိရတော့ပေ။

နှစ် အနည်းငယ်ကြာသော အခါ အီတာလျံ-ထိုင်း၏ ကြွေးထူဇာတ်လမ်း ပေါ်လာသည်။ ဒေဝါလီခံရလု နီးနီး အထိ ကြွေးထူလာသည့် အဓိက အကြောင်းရင်းများ အနက်တစ်ခုမှာ ထားဝယ်စီမံကိန်းတွင် အထိနာသွားခြင်း ကြောင့် ဖြစ်ကြောင်း ထိုင်းသတင်း အချို့တွင် ဖော်ပြကြသည်။

နောက်ဆက်တွဲ

ပရီချိုင်းမှာ ထောင်မှ ပြန်လွတ်ပြီး ခြေချုပ်ဖြင့် နေထိုင်နေရသော်လည်း ကုမ္ပဏီ ဥက္ကဋ္ဌ အဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။ ဖခင်ဖြစ်သူ ထူထောင်ခဲ့သော ကုမ္ပဏီကို ဆက်ခံပြီးနောက်ပိုင်း ပရီချိုင်းနှင့် အီတာလျံ-ထိုင်း ကုမ္ပဏီအတွက် အခက်ခဲဆုံး ကာလကို ဖြတ်သန်းနေရသည်။

ကုမ္ပဏီ ဆက်လက်ရပ်တည်နိုင်ပါသေးကြောင်း၊ နောင်ကာလတစ်ခုတွင် ပုံမှန်ဝင်ငွေများ ရနိုင်ပါသေးကြောင်း မြီရှင်များကို ရှင်းပြရန် အီတာလျံ-ထိုင်းက ပြင်ဆင်နေသည်။ ထိုမှသာ မြီရှင်တို့၏ ယုံကြည်မှုရပြီး အကြွေးများကို ဆိုင်းထားပေးနိုင်သည်။

အသက် ၂၀ ကျော် အရွယ်ကတည်းက ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်လာကာ ၇၀ အရွယ်အထိ ရာထူးယူထားပြီး သူ့လက်ထက်တွင် ထိုင်းအစိုးရ လုပ်ငန်းအများအပြား လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ အကျိုးအမြတ် အများအပြား ရခဲ့သည်။ ဘန်ကောက်မြို့ မိုးပျံရထားလမ်းနှင့် သုဝဏ္ဏဘူမိ လေဆိပ်တို့ဖြစ်သည်။

ယခုတော့ မနိုင်ဝန်ဖြစ်သော ထားဝယ်စီမံကိန်း လက်ခံရယူမှု၊ ပရီချိုင်း၏ အမဲလိုက်ဝါသနာ ထုံမှုတို့က ကုမ္ပဏီကို များစွာ အထိနာစေခဲ့သည်။

ယခုကဲ့သို့သော ကံကြမ္မာကို မြင်ပါက ပြီးခဲ့သည့် ၁၅ နှစ်ကျော် မြန်မာ စစ်အစိုးရက “ထားဝယ်စီမံကိန်း ယူချင်သလား”ဟု မေးလျှင် ပရီချိုင်း၏ အဖြေမှာ တစ်မျိုးဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ခွန်းသု၊ ကိုမျိုး