ကန်ချနဘူရီရှိ စွန့်ပစ်အိမ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးခံရ

0
485

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ယမန်နေ့ (ဧပြီ ၄)က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကန်ချနဘူရီမြို့ နော့ဘဝါဒေသရှိ အိမ်တစ်အိမ်ထဲတွင် မြန်မာနိုင်ငံသား အများအပြားရှိနေကြကြောင်း သတင်းရရှိခဲ့သဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အိမ်ထဲတွင် မြန်မာနိုင်ငံသား ၁၂၃ ဦးကို ပစ်ကပ်ကား ၅ စီးနှင့်အတူ တွေ့ရှိရပြီး ထိုင်းကားသမားများက ထွက်ပြေးလွတ်မြောက်သွားကြောင်း အာဏာပိုင်များက ပြောသည်။

မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရဘူရီထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး တောင်ပိုင်ဒေသကိုသွားရန် စောင့်ဆိုင်းနေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဖြေကြားထားသည်။

ဖမ်းဆီးခံရသူအများစုသည် လူငယ်များဖြစ်ကြပြီး ပြည်တွင်းတွင် စစ်မှုထမ်းဥပဒေကြောင့် လုံခြုံမှုမရှိတော့သည့်အတွက် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကို ဖြေကြားထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူဆောင်ရွက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များကဆိုသည်။

ယခု ဧပြီလ ပထမငါးရက်တွင်ပင် တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုသည် ၂၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

Ref: CH 3 Plus, Khaosod