စမွတ်ပရကန်လှေဆိပ်တွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ငါးလဖြင့် ကလေးမွေး

0
2721

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ လှေဆိပ်တစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ချိန် လမစေ့ဘဲ ကလေးမွေးဖွားကြောင်း MedPlus Hospital က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၁ ရက် နံနက် ၁၁ နာရီတွင် ဘုရားစမွတ်ကျေးဒီးဒေသရှိ လှေဆိပ်အဆင်း လှေကားအနီးတွင် အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွားနေသည်ဟု အကြောင်းကြားချက်ရရှိကြောင်း ဆိုသည်။

အရေးပေါ်အခြေအနေအတွက် ဆေးရုံက ဆရာဝန်နှင့် သူနာပြုများက လှေဆိပ်သို့ ချက်ချင်းရောက်ရှိလာခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကိုယ်ဝန် ၅ လသာ ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကလေး၏ ခြေထောက်ထွက်နှင့်ပြီးဖြစ်နေသော်လည်း ခန္ဓာကိုယ်နှင့် ခေါင်းသည် ကပ်ငြိနေသေးသဖြင့် ကလေးချက်ချင်း မွေးဖွားရန် အရေးပေါ်ဆောင်ရွက်ပေးခဲ့ရကြောင်း ရေးသားထားသည်။

ကလေးမွေးဖွားပြီးနောက် ကလေးမှာ သွေးခုန်နှုန်း မရှိသဖြင့် ဆရာဝန်က အရေးပေါ်ကယ်ဆယ်နည်းဖြစ်သော CPR ပြုလုပ်ပေးခဲ့ရကြောင်း ဆိုသည်။

ကလေးအသက်ပြန်ရှူလာပြီးနောက် မိခင်နှင့် ကလေးကို ဆက်လက်ကုသမှု ခံယူစေရန်အတွက် Phra Samut Chedi Sawatyanon ဆေးရုံရှိ အထူးကုဆရာဝန်နှင့် ဆက်သွယ်ကာ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

မေလ ၁ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် မြန်မာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် နယ်ဆေးရုံသို့သွားရာ လမ်းခုလတ်တွင် ဗိုက်နာသဖြင့် ဘေးတွဲဆိုင်ကယ်ပေါ်တွင် ကလေးမွေးဖွားခဲ့သည်။

မတ်လ ၁၉ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်တွင် မြန်မာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဗိုက်နာသဖြင့် အိမ်သာသွားရာမှ အိမ်သာအတွင်း ကလေးမွေးဖွားခဲ့သည်။

မေလ ၂၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခု၏ ဧည့်ကြိုဆောင်တွင် မြန်မာကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးဖွားခဲ့သေးသည်။