ဘိလပ်မဟာတန်း ကျောင်းသား – ၁၀

0
854

ပထမ လေးလပတ်ကို နှုတ်ဆက်ခြင်း

လန်ဒန်နှစ်သစ်ကူးသို့ သွားသာသွားလိုက်ရသော်လည်း တကယ်တော့ ရေးစရာ စာတမ်းတွေက မပြီးသေး။ ဇန်နဝါရီလအစောပိုင်းတွင် နောက်ဆုံး ထားတင်ရမည့် စာတမ်းသုံးခုက အသင့်စောင့်နေသည်။

ကျောင်းအပေါ်၊ ကျောင်းတွင်ယူသည့် ဘာသာရပ်တို့အပေါ် မူတည်၍ ကျောင်းသားများ၏ အရည်အချင်းဆန်းစစ်ချက် ပုံစံကကွာခြားသည်။

အချို့က စာမေးပွဲရှိသည်။ အချို့က စာမေးပွဲမရှိဘဲ အက်ဆေးစာတမ်းသာ တင်ရသည်။ အချို့က စာမေးပွဲကော စာတမ်းပါတင်ရသည်။ အချို့က ဘာသာရပ် တစ်ခုလျှင် အက်ဆေးရှည် တစ်ပုဒ်သာ တင်ရသည်။ အချို့က အက်ဆေးတို နှစ်ပုဒ်ထက်မနည်း အကြိမ်ကြိမ်တင်ရသည်။

ယခုယူထားသော ဘာသာရပ်မှာ တစ်ဘာသာလျှင် အက်ဆေးစာတမ်းရှည် တစ်ပုဒ်စီသာ တင်ရသည်။

ပထမ လေးလပတ် (Teaching Book 1)တွင် သင်ယူခဲ့ရသော ဘာသာရပ် သုံးခုအတွက် ဘာသာရပ်ဆိုင်ရာ အက်ဆေးစာတမ်းများကို ဇန်နဝါရီ လဆန်းတွင် နောက်ဆုံးထားတင်ရမည်ဖြစ်ပြီး စာတမ်းတစ်ခုတွင် အများဆုံး အင်္ဂလိပ်စကားလုံးဖြင့် စာလုံးရေ လေးထောင် ရေးသားရမည်ဖြစ်သည်။ ခပ်လွယ် လွယ်ပြောရမည်ဆိုပါက အနည်းဆုံး A4 စာရွက်ဖြင့် စာမျက်နှာ ၁၀ မျက်နှာမှ ၁၅ မျက်နှာ အထိ ရှိတတ်သည်။

ပထမ လေးလပတ်တွင် မယူမနေရ ဘာသာရပ်သုံးခု ယူရသည်။ ကမ္ဘာလုံးချီ ပြည်သူ့ရေးရာ မူဝါဒများ အလုပ်လုပ်ပုံအကြောင်း၊ ပါဝါနိုင်ငံရေးနှင့် ပြည်သူ့ရေး ရာ မူဝါဒနှင့် သုတေသနပြုပုံပြုနည်းတို့ ဖြစ်သည်။

ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ဘာသာရပ်နှစ်ခုမှာကိုယ်နှင့် သိပ်မစိမ်းလှသဖြင့် အခြေခံသဘောတရားကို အတန်အငယ် တီးမိခေါက်မိရှိပြီး ဖြစ်သည်။

သုတေသန စီမံကိန်းအချို့တွင် အကူအဖြစ် တာဝန်ထမ်းဆောင်ဖူးသဖြင့် သုတေသနပြုပုံပြုနည်းဘာသာရပ်ကိုလည်း ထိုသို့ တီးမိခေါက်မိရှိမည် ထင်ခဲ့သည်။ သို့သော် ဘရစ္စတိုတက္ကသိုလ်၏ သုတေသနဘာသာရပ်ကို ချဉ်းကပ်ပုံမှာ အခြေခံတွေးခေါ်ယူဆပိုင်းဆိုင်ရာမှ စလေသည်။ အရင်က သုတေသနစီမံကိန်းတွေမှာ အတန်အသင့်ပါဝင်ဖူးသော်လည်း သုတေသနနည်းနာများကို ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းဆင်စဉ်းစားဖူးသည် မဟုတ်ခဲ့။ ယခုကမူ သုတေသနကျမ်းပြုရာတွင် အခြေခံ အကျဆုံးသော စဉ်းစားချည်း ကပ်ပုံမှစရာ ပိုမိုသိမ်မွေ့သည်။ ဟိုအစ်ဇင် (ism)၊ ဒီနစ်ဇင်၊ ဟိုလော်ဂျီ၊ သည်လော် ဂျီများပါရာ တော်တော်ခေါင်းရှုပ်ရသော ဘာသာရပ် ဖြစ်သည်။

ပါမောက္ခက ရှင်းပြသော အခြေခံအကြောင်းခြင်းရာများကို တစ်ထိုင်တည်း နားမလည်။ ထိုကြောင့် အပြင်စာများ ပြန်ဖတ်ရသည်။ ထိုသည်တွင်လည်း မပေါက်သေးသဖြင့် ဝီကီပီးဒီးယားကဲ့သို့သော လူပြိန်းနားလည်အောင် ရေးထားသော ရှင်းလင်းချက်များ ရှာဖတ်ရသည်။ နားလည်သလိုလို ရှိသော်လည်း ယုံကြည်မှုရှိရှိဖြင့် မဆွေးနွေးရဲသေး။

စာတမ်းစတင်ရေးတော့မည့် တစ်ပတ်အလိုအထိ အခြေခံသဘောတရားကို ထင်းထင်းရှင်းရှင်း နားလည်ရန် ကြိုပမ်း နေရတုန်းဖြစ်သည်။ ကြားကာလတွင် တော်တော်လည်း စိတ်ဓာတ်ကျခဲ့သည်။ ဒီဘာသာရပ်တော့ ကျတော့မည်လားဟုပင် မိတ်ဆွေ အချို့ကို ထုတ်ပြောမိသည်။

နောက်ဆုံးတော့ လန်ဒန်တက္ကသိုလ်မှ ပါရဂူတန်း ကျောင်းသားတစ်ဦးရှင်းလင်း ထားသော Youtube ဗီဒီယိုဖိုင်က ကယ်သွားသည်။ ဘာသာရပ်ဆိုင်ရာ ခက်ခဲသော စကားများမပါဘဲ လူပြိန်းစကားဖြင့် ရှင်းထားသော ထိုဗီဒီယိုဖိုင်က အခြေခံကို ရှင်းရှင်းထင်းထင်းနားလည်အောင် ကူပေးလိုက်သည်။ အခြေခံနားလည်တော့ ကျောင်းကညွှန်းသော ပြဋ္ဌာန်းစာအုပ်များကိုလည်း ဖတ်ရလွယ်သွားသည်။

သည်တော့ စာတမ်းရေးရလည်း အဆင်ပြေသွားသည်။ သို့သည့်တိုင် အချို့ နည်းနည်းမြင့်သော အယူအဆများကိုတော့ ဝေေ၀ဝါးဝါး ရှိတုန်းပင်။

အခြားအက်ဆေး စာတမ်း နှစ်ခုတွင် မေးခွန်းများစွာ ကြိုက်ရာရွေးဖြေနိုင်သော်လည်း သုတေသနအတွက်က ရွေးစရာမရှိ။ မေးခွန်းတစ်ခုသာ ရှိသည်။ သုတေသနပြုရာတွင်

အခြေခံတွေးခေါ်စဉ်းစားပုံ စဉ်းစားနည်း၊ ကျင့်ဝတ်နှင့် နည်းနာပိုင်း ဆိုင်ရာကို ဖြေဆိုရခြင်းဖြစ်ပြီး ယင်းသို့ ဖြေဆိုရာတွင် ဆင်းရဲမွဲတေမှု ပြဿနာသို့မဟုတ် ကျန်းမာရေးဆိုင်ရာ သုတေသန ဥပမာ တစ်ခုခုကို ရွေးဖြေနိုင်သည်။

အခြား စာတမ်းနှစ်ခုအတွက်မူ မေးခွန်း ၉ ခု အထိရှိပြီး ကြိုက်ရာရွေးဖြေ နိုင်သည်။ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ရေး ရာမူဝါဒ သက်ရောက်ပုံနှင့် ပတ်သက်သည့် ဘာသာရပ်တွင်မူ အရပ်ဘက်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွန်းတိုက်မှုအကြောင်းကို ရွေးဖြစ်သည်။ ပါဝါနိုင်ငံရေး နှင့် မူဝါဒတွင်မူ အစိုးရအုပ်ချုပ်ရေး ယန္တရားနှင့် မူဝါဒဖြစ်စဉ်အကြောင်း ခေါင်းစဉ်ကို စာတမ်းတင်ရန် ရွေးဖြစ်သည်။

ကိုယ်နှင့် နီးစပ်သော အကြောင်းအရာ၊ ယခင်ကတည်းက လေ့လာဖတ်ရှု လေ့ရှိသော အကြောင်းအရာ ဖြစ်သဖြင့် စာတမ်းရေးရန် လွယ်မည် ထင်ထားခဲ့ သော်လည်း ယင်းဘာသာရပ် နှစ်ခုသည်လည်း ထင်သလောက်မလွယ်လှ။

ကိုယ်က အရင်က ဖတ်ရှုလေ့လာ ခဲ့သည်များမှာ အပေါ်ယံသဘော ဆောင်သည်။ သတင်းစာသမားဖြစ်သည့် နည်းတူ ဟိုစပ်စပ် သည်စပ်စပ်ကို နား လည်ထားရုံ ဖတ်ထားခြင်း ဖြစ်သည်။

သို့သော် ယခု စာတမ်းရေးရာတွင်မူ မရတော့။ အတွင်းကျကျ တစ်ခုခုကို နက်နက်နဲနဲ သိမှရတော့မည့် သဘောဖြစ်သည်။ ယေဘုယျသဘောဖြင့် မရတော့ဘဲ အသေးစိတ်ကို သိနားလည်မှရမည့် သဘောဖြစ်လာသည်။ ထိုမှသာ ကိုယ်ရေးမည့် စာတမ်း၏ ရပ်တည်ချက် အပေါ် ခိုင်ခိုင်မာမာ သက်သေပြနိုင်မည် ဖြစ်သည်။ ငြင်းချက်ထုတ်နိုင်မည် ဖြစ်သည်။

စာရေးခြင်းမှာ ထမင်းစားအလုပ်ဖြစ်ခဲ့သဖြင့် စမရေးခင်တုန်းကတော့ စာတမ်းရေးတာ သိပ်လက်ဝင်မည်မဟုတ်ဟု ခပ်ပေါ့ပေါ့ပင် ထင်ခဲ့သည်။ သို့သော် တကယ့် လက်တွေ့တွင်မူ ထင်သလောက် ခရီးမတွင်။

မွေးကတည်းကပြောလာ၊ ဖတ်လာ၊ ရေးလာသော ဘာသာစကား မဟုတ်ခြင်း၊ ရည်အညွှန်းအကိုးအကားများကို အသေးစိတ် ထည့်သွင်းညွှန်းဆိုရခြင်းတို့ က အဓိကပြဿနာ ဖြစ်သည်။ စာအုပ်များ၊ စာတမ်းများမှ ရယူ မှတ်သားထားသော ဆွေးနွေးချက်၊ ရေးသားချက်များကို စနစ်တကျဖြင့် အသေးစိတ် ကိုးကားကာ စာတမ်းအတွင်း ထည့်ရေးရန် လိုသေးသည်။

များမြောင်ထူထဲလှသော ပန်းခင်းကြီးထဲမှပန်းပွင့်များကို ဆိုင်ရာဆိုင်ရာ အလိုက် သီကုံးရသလိုမျိုးဖြစ်သည်။ သို့သော် စိန်ခေါ်မှုမှာ ထိုပန်းပွင့်များကို မည်သည့် အပင် မည်သည့်နေရာက ရလာကြောင်းကိုပါ ကိုးကားထည့်သွင်း ရခြင်း ဖြစ်သည်။
အိုင်ဒီယာတစ်ခုခုကို ထိုအတိုင်းချ ရေးရန် ခွင့်မပြုထားဘဲ ထိုအိုင်ဒီယာမည်သည့် နေရာက ရလာသည်ကိုပါ ကိုးကားဖော်ပြရခြင်း ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားရခြင်း ဖြစ်သည့်အပြင် ထိုသို့သော ကိုးကားချက် များဖြင့် အသေးစိတ် ရေးသားရခြင်း ကြောင့်လည်းခရီးကမတွင်လှ။ ကိုယ့် စိတ်ကူးအတိုင်း မြန်မာလိုရေးရပါက ပိုမိုတွင်မည်ဖြစ်သည်။ သို့သော် အင်္ဂလိပ် ဘာသာဖြင့် ရေးသားရသဖြင့် စိတ်ကူးက ၁၀ ဖိုးလောက်ရှိပါက ယင်းကို ပုံဖော်နိုင်သည့် အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု က ၇ လောက်သာ ရှိချင်မှ ရှိနေသည်။ ထိုကြောင့်ပင် အားမလိုအားမရ အတော်ဖြစ်မိသည်။

တောင်ကိုးရီးယားနိုင်ငံမှ မိတ်ဆွေ ကျောင်းသားတစ်ဦးဆိုလျှင် သူတို့ဘာသာ စကားဖြင့်သာ ရေးရပါက ထိုထက်ပို သွက်ကာ မြန်မြန်ပြီးမည်ဟု ဆိုသည်။ အခုတော့ လိုတာထက်ပို အားစိုက်ရသည်။

မည်သို့ဆိုစေ ဖတ်လိုက်၊ စဉ်းစားလိုက်၊ ရေးလိုက်ဖြင့် အက်ဆေးစာတမ်း သုံးခုကား အချိန်မီ ပြီးသွားသည်။

ဇန်နဝါရီနောက်ဆုံးနှစ်ပတ် အားလပ် ရက်ပြီးနောက် ဒုတိယ လေးလပတ် အတန်းများ စာတော့မည်။

ဒုတိယ လေးလပတ်တွင်မူ ကြိုက်ရာရွေး ဘာသာရပ်သုံးခုကို သင်ကြားရမည် ဖြစ်သည်။

စုစုပေါင်း ဘာသာရပ် ၁၅ ခုအနက် မှ ကြိုက်ရာသုံးခုကို ရွေးရခြင်းဖြစ်သည်။ ကိုယ်ရွေးသည့် ဘာသာရပ်ကို ရွေးသည့် ကျောင်းသား အရေအတွက် သတ်မှတ် ချက်ထက်နည်းပါးပါက ချထားပေးနိုင် ရန် အရန်ဘာသာရပ်တစ်ခုပါ ရွေးပေးရသည်။ အတန်းတစ်တန်းဖြစ်ရန် ဘာသာရပ် တစ်ခုတွင် ရွေးတက်သည့် အနည်းဆုံး ကျောင်းသား ၁၀ ဦးရှိရမည် ဖြစ်သည်။
ရွေးဖြစ်သော ဘာသာရပ်သုံးခုမှာ ဘောဂဗေဒ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒနှင့် မြို့ပြ စီမံခန့်ခွဲမှု ဖြစ်သည်။ အခြား အရန်ဘာသာရပ် တစ်ခုမှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဟု ခေါ်သော ပြည်သူ့ အုပ်ချုပ်ရေးဘာသာရပ် ဖြစ်သည်။

စီးပွားရေးပညာ အထူးသဖြင့် စီးပွားရေးအဆောက်အဦကြီး လည်ပတ်မှုကို နားလည်လိုခြင်းက ယခုနှစ်ပိုင်းများစွာ အတွင်း ဖြစ်လာသော ဆန္ဒဖြစ်သည်။ တိုင်းပြည်တစ်ခု၊ ဒေသတစ်ခု၏ စီးပွားရေး ကို အလုပ်လုပ်ပုံ ယင်းတွင် အခြေခံ အဆောက်အဦများနှင့် အစိုးရ မူဝါဒ၏ အရေးပါပုံ၊ ထိုမှတစ်ဆင့် လူထုသာယာ ဝပြောရေး မည်သို့ လုပ်ဆောင်နိုင်မည်ကို အဓိကလေ့လာလိုရင်း ဖြစ်သည်။

စီးပွားရေးပညာရပ်တွင် အမျိုးမျိုးရှိ သည့်အနက် ဘရစ္စတိုတက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒ မဟာတန်းတွင် သင်နိုင်သည့် ဘာသာရပ်မှာ မူဝါဒသမား များအတွက် သီးခြားသင်သော စီးပွားရေး ဘာသာရပ်ဖြစ်သည်။ အတွက်အချက်တွေပါသော စီးပွားရေးပညာရှင်ဖြစ်ရန်သင်သော အမျိုးအစားမဟုတ်။

အဓိကကတော့ တိုင်းပြည်အုပ်ချုပ်မည့် အစိုးရအရာရှိများ၊ နိုင်ငံရေးသမားများနှင့် ပြည်သူ့ရေးရာ မူဝါဒသုတေသီများအတွက် ဖြစ်သည်။

နောက်ဘာသာရပ်ဖြစ်သော သဘာဝပတ်ဝန်းကျင်ရေးရာ မူဝါဒမှာလည်း လက်တွေ့နယ်ပယ်တွင် အရေးကြီးသော၊ စိတ်ဝင်စားဖွယ်ကောင်း သော အရေးအရာတစ်ခု ဖြစ်သည်။ မူဝါဒများစဉ်းစားရာတွင် မပါမဖြစ် ပါလာသော အရေးအရာလည်းဖြစ်သည်။ မည်သည့် မူဝါဒ ချမှတ်သည်ဖြစ် စေ သဘာဝပတ်ဝန်းကျင်အကြောင်းခြင်းရာကို ချန်ထား၍ မရတော့ပေ။

မြို့ပြ စီမံခန့်ခွဲရေးကိုတော့ ယခု ခေတ်သစ်ကမ္ဘာကြီးတွင် ရှောင်လွှဲမရသည့် အရေးပါသော ဖြစ်စဉ်တစ်ခု ဖြစ်သဖြင့် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ လူတွေက ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတို့အတွက် မြို့ပြကို ရွှေ့ကြသည်။ သို့ဖြင့် မြို့ပြသည် လူလှိုင်းလုံး ကြီးကို မထိန်းနိုင်။ နောက်ဆုံးတော့ ဘေးထွက်ဆိုးကျိုးများဖြင့် ရင်ဆိုင်ရတော့သည်။ ကားကြပ်ခြင်း၊ နေစရာ အိမ်ရာအလုံ အလောက်မရှိခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာဇဝတ်မှု ထူပြောခြင်း စသည်တို့ မှာ ရှောင်လွှဲမရသော ဘေးထွက်ဆိုးကျိုး များ ဖြစ်လာသည်။

အစိုးရကလည်း နယ်ဒေသများကို အစဉ်အဆက်ပစ်ထားခဲ့တော့ ထိုသို့ ဖြစ်သည်မှာ မဆန်း။ တကယ်တော့ နယ်ဒေသများကို အာရုံစိုက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်းကလည်း မြို့ပြ ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း ပင်ဖြစ်သည်။

ထိုဘာသာရပ်သုံးခုမှာ မဖြစ်မနေ လေ့လာချင်သော ဘာသာရပ်တို့ ဖြစ် သည်။ မြို့ပြဖွံ့ဖြိုးဆိုင်ရာ သုတေသနစင်တာရှိသော ဘရစ္စတိုတက္ကသိုလ်တွင် မြို့ပြစီမံခန့်ခွဲရေး ဘာသာရပ်နှင့် စီးပွားရေးပညာဘာသာရပ်တို့က လက်ရှိ ပြည်သူ့ရေးရာမူဝါဒ မဟာတန်းတွင် ကျောင်းသားများ ရွေးချယ်မှု အများဆုံး ဘာသာရပ်များ ဖြစ်သည်။

မူလက တက္ကသိုလ်ဝင်ခွင့်ရခဲ့သော လန်ဒန်တက္ကသိုလ်လက်အောက်ရှိ ကျောင်းတစ်ကျောင်းရှိ ပြည်သူ့ရေးရာ မူဝါဒဘာသာရပ်မှာ ကိုယ့်အလိုနှင့် ထိုသို့ ကွက်တိမကျလှ။ သို့သော် ပြည်တွင်းစစ်၊ အမျိုးသားရေးဝါဒနှင့် ဒီမို ကရေစီကဲ့သို့သော ဘာသာရပ်တို့မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

စီးပွားရေး ပညာ၊ သဘာဝပတ်ဝန်း ကျင်မူဝါဒနှင့် မြို့ပြစီမံခန့်ခွဲမှုတို့ကို ရွေးချယ်ပြီးကာမှ ရခိုင်ပြည်နယ်တွင် စစ်ပွဲတွေ တန်းစီဖြစ်လာတာ၊ မြန်မာ နိုင်ငံတွင်း စစ်ဘောင်ပိုကြီးလာတာ၊ ဒီမိုကရေစီဘောင် ပိုကျယ်လာ တို့ကို တွေ့ပြီး ရွေးမိသည့် ဘာသာရပ်မှာ အသုံးကျပါတော့မည်လော တွေးမိသည်။ လူတွေသူပုန်ထခြင်းအကြောင်း၊ စစ်ပွဲစီးပွားရေး အကြောင်းဆိုလျှင်တော့ ပိုအသုံး ကျမလား တွေးမိလိုက်သေးသည်။

သို့သော် ရွေးပြီးခါမှတော့ နောက်ဆုတ်မရတော့။

ပထမလေးလပတ်ကို နှုတ်ဆက် ရင်း ဒုတိယ လေးလပတ်အတွက် ရင်ခုန်ပြင်ဆင်ရတော့မည်။ ကြားထဲ အားလပ်ရက်ခရီးလေးလည်း ထွက်ချင် သေးသည်။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့ (MSC Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံတစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက် ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ထုံးထမ်းဓလေ့များကို တစ်စိတ်တစ်ပိုင်းနားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ်ကဲ့သို့) အလျဉ်းသင့်သလို ဖော်ပြလျက်ရှိသည်။

ဖစု