မွန်တွင် လယ်ဧက လေးသောင်းခွဲကျော် ရေမြုပ်

0
445

ဇူလိုင်လ တတိယအပတ်ခန့်စမှပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင် ကျချောင်းရေကြောင့် မွန်ပြည်နယ်တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ကာ လယ် ဧက လေးသောင်းခွဲကျော် ရေနစ်မြုပ် သွားသည်ဟု မွန်ပြည်နယ် လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် လယ်မြေ ၃၅၆၁ ဧက၊ ဘီးလင်းမြို့နယ်တွင် လယ်မြေ ၁၈၅၂၄ ဧက၊ သထုံမြို့ နယ်တွင် လယ်မြေ ၁၈၄၁၂ ဧက၊ ကျိုက်မရောမြို့နယ်တွင် လယ်မြေ ၄၇၀၅ ဧက ရေမြုပ်သွားသည်။
ဇူလိုင်လ ၃၀ ရက်ထိ ဘီးလင်း တွင် ၁၇၁၁ ဧကသာ ပြန်ပေါ်သေး ကြောင်း သိရသည်။
“ထိခိုက်မှုက မသိသေးဘူး။ ကွင်း ဆင်းရဦးမယ်၊ ရေကျသွား ပြီးနောက်ပိုင်း မှာ ကြည့်ရတာပေါ့၊ အနေအထားကတော့ ပျက်စီးမှု နည်းနည်းများလိမ့်မယ်ထင်တယ်”ဟု မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးကြည်စိုးက ပြော သည်။

နစ်မြုပ်လယ်ဧရိယာများ ပြန်ပေါ် လာမှသာ ထိခိုက်မှုပမာဏ၊ ပျက်စီး ပမာဏသိနိုင်ပြီး ကူညီမည်ဟုလည်း ဦးကြည်စိုးက ပြောသည်။
“အခြေအနေက ရေတော့ ပြန်ကျ နေပါပြီ၊ လယ်တွေကတော့ မြုပ်နေ ဆဲပါ၊ ဒီနေ့ပါဆို ၅ ရက် ၆ ရက်ရှိပြီး စပါးပင်တွေက ပျက်စီးမှုတော့ ရှိမယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ ရက်ကြာ သွားပြီလေ”ဟု ဘီးလင်း ဒေသခံ ဦးထွန်းလင်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီး ရေလျှံမှုကြောင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်မရောမြို့နယ် တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၅၀ ခုခန့်တို့တွင် လူဦးရေ ၁၄၀၀၀ ကျော် ပြောင်းရွှေ့ထားရသည်ဟု ပြည်နယ် သဘာဝဆိုင် ရာ စီမံခန့်ခွဲရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
မွန်ပြည်နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လည်း ပေါင်မြို့နယ်မှ လယ်မြေဧက ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

၂၀၁၇ ခုနှစ်တုန်းက ရေကြီး ရေလျှံမှုကြောင့် မွန်ပြည်နယ်တွင် လယ် မြေဧက ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံး မှုရှိခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေး ဦး စီးဌာနမှ သိရသည်။