တနင်္သာရီမြို့တွင် ရေထိန်းတံခါးပိတ်၍ မြို့တွင်းမှ ရေစုပ်ထုတ်

0
407

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ များမြင့်တက်ကာ ရေကြီးရေလျှံမှုဖြစ်ခဲ့ သည့် တနင်္သာရီမြို့တွင် ရေထိန်းတံတား ကို ပိတ်၍ မြို့တွင်းရှိ ရေဆိုးရေညစ်များ ကို ဩဂုတ်လ ၁ ရက်မှစပြီး စုပ်ထုတ်နေ ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာ ယာရေးကော်မတီထံမှ သိရသည်။
လက်ရှိတွင် တနင်္သာရီမြို့တွင်းတွင် ရေအနက်ဆုံးမှာ ၇ ပေခန့်ရှိနေပြီး မြို့တွင်းမှ ရေအား တစ်နာရီလျှင် ရေဂါလံ လေးသောင်းခန့် စုပ်ထုတ်နိုင်သည့် ရေစုပ်စက်ကြီးတစ်လုံးနှင့် စက်အသေး ၃ လုံးဖြင့် စုပ်ထုတ်နေခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ရက်က နည်းနည်းကြာပြီ၊ ရေပုပ် လာပြီဆိုတော့ ၊ ရေမလည်ဘူးပေါ့နော်၊ ရေအဝင်အထွက်ရှိရင်တော့ ပြဿနာ မရှိဘူး၊ အခုက ရေတံခါးနဲ့ သွားတာဆို တော့ ရေက ပြန်မထွက်ဘူး။ အပြင်ရေက များနေတော့ ပြန်လည်းမထွက်နိုင်ဘူး လေ။ ဒါကြောင့် ရေတံခါးရဲ့ အပြင်ဘက် ကို စုပ်ထုတ်နေတာပေါ့”ဟု တနင်္သာရီ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဩဂုတ် လ ၂ ရက်တွင် ပြောသည်။
လက်ရှိတွင် မြို့တွင်းတွင် ရေ အနက် ၄ ပေခန့် ရှိနေပြီး မြို့ရေတံခါး အပြင်ဘက် ရေက ပိုမြင့်နေကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။

မိုးရွာခြင်းနှင့် မြို့ကိုပတ်ထားသည့် တာတမံ၏ အခြားအပေါက်များမှ မြစ် ရေဝင်ရောက်ခြင်းကြောင့် မြို့တွင်းရှိ နေသည့်ရေများကို စုပ်ထုတ်နေခြင်း ဖြစ်ကြောင်း ဦးရဲမြင့်ဆွေက ဆိုသည်။
လက်ရှိစုပ်ထုတ်နေသည့်အပိုင်းမှာ တနင်္သာရီမြို့၏ရေထိန်းတံခါး ကာရံ ထားသည့်အပိုင်းတွင် စုပ်ထုတ်နေခြင်း ဖြစ်ပြီး ရေတံခါး မရှိဘဲ မြစ်ရေတိုက်ရိုက် ဝင်နေသည့်နေရာများကိုမူ စုပ်ထုတ်၍ မရကြောင်း ၎င်းက ပြောသည်။
မြို့တွင်းတွင်ရှိနေသည့် ရေကို ခမ်း သွားအောင်အထိ စုပ်ယူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ တိုင်းထွာချက်အရ မြစ်ရေမှတ် ၂၂ ပေအထိ ပြန်လည်မြင့်တက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ထံမှ သိရသည်။