ပသျှူးတန်းလမ်းထိပ်တွင် ယာယီအမှိုက်စုကန် ထားပေးမည်

0
338

ကော့သောင်းမြို့နယ်၊ ဘုရင့်နောင် ကုန်းအောက်ဘက်ရှိ အမှိုက်စုကန် နေရာကို ခြံခတ်လိုက်ပြီးနောက် ပသျှူး တန်းလမ်းထိပ်တွင် ယာယီအမှိုက်စုကန် တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရသည်။

ယခင်အမှိုက်စုကန်နေရာသည် လမ်းမနံဘေးတွင်ဖြစ်ကာ အများအမြင် မသင့်တော်သောကြောင့် ယင်းသို့ ခြံခတ်လိုက်ခြင်းဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။
လက်ရှိတွင် ဘုရင့်နောင် ရပ်ကွက် အနီးနေ ပြည်သူများနှင့် ညဘက်အမှိုက် စွန့်ပစ်လိုသူများ အခက်အခဲ မဖြစ်စေ ရန် ယင်းသို့ ယာယီအမှိုက်စုကန် ပြုလုပ် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ညဘက်အမှိုက်ပစ်တဲ့ နေရာရှာရ တာ အရမ်းပင်ပန်းတာပဲ၊ အမှိုက်သိမ်း ကားလာတဲ့ မနက်စောစောကလည်း မနိုးတော့ အမှိုက်ပုံး လိုက်ရှာပစ်ရတယ်၊ သတ်မှတ်နေရာ မဟုတ်ရင်လဲ မပစ်ရဲ ဘူး”ဟု အဆိုပါရပ်ကွက်နေသူ တစ်ဦး က ဆိုသည်။

စည်ပင်သာယာအဖွဲ့မှ အမှိုက်များ ကို ရပ်ကွက် ၅ ခုတွင် တာဝန်ယူ သိမ်းဆည်း လျက်ရှိပြီး၊ မနက်၅နာရီမှ စတင်၍ တစ်နေ့လျှင် ၃ကြိမ်ကားဖြင့် လှည့်လည် အမှိုက်သိမ်းလျက် ရှိနေ သည်ဟု ကော့သောင်းမြို့နယ် စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။