တုံးမောင်းခေါက်သံ မညံတော့ပါ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အိမ်များတွင် တုံးမောင်းလေးများ ဆွဲထားသည့် ခေတ်တစ်ခေတ် တနင်္သာရီ တိုင်းတွင် ရှိခဲ့ဖူးသည်။ အထူးသဖြင့် ကျေးရွာနေအိမ်များတွင် အိမ်တိုင်းနီးပါး တုံးမောင်းဆွဲထားတတ်သည်။
အချို့က အနေတော်သစ်သားလုံး အား ထွင်း၍ တုံးမောင်းလေးများ လုပ် ကြသည်။ အချို့က လုပ်ရလွယ်သည့် ဝါးဘိုးဝါးလုံးတစ်ဆစ်ကို အပေါက် ဖောက်က ဆွဲထားတတ်သည်။
သူခိုး၊ ဓါးပြ၊ မီးဘေးစသည့် အရေး ပေါ်ကိစ္စများအတွက် တစ်ရွာလုံးသိရှိရေး အချက်ပေးတီးခတ်ရန် တုံးမောင်းလေး များ ဆွဲထားခြင်း ဖြစ်သည်။

တစ်ခုခုဆိုက ပါးစပ်ကလည်း အော်၊ လက်ကလည်းတီး။
” သူခိုး ဟေ့ သူခိုးသူခိုး ဒေါ် ___ အိမ် နောက်လမ်းကြားက ပြေး သွားပြီ.. တုံး တုံး တုံး..”
“ဓါးပြဟေ့ ဓါးပြ … မောင်___အိမ်မှာတိုက်ပြီး ရွာပြင်ကို ထွက်ပြေး ကုန်ပြီ လိုက်လိုက်လိုက်.. တုံး တုံး တုံး တုံး”
” မီးဟေ့ မီးမီး ဦး___အိမ်မှာ လောင်နေပြီ.. တုံး တုံး တုံး..”
ယင်းသို့ တစ်အိမ်အိမ်က ထုပြီး အော်လျှင် ကြားသည့်အိမ်များကလည်း ထိုသို့ပင် တစ်ဆင့်အော်ကာ တုံးမောင်း ခေါက်သူခေါက်၊ သူခိုးဓါးပြဆိုက ယောက်ျားသားများက တုတ်ဓါးလက် နက်တစ်ခုခုဆွဲကာ လိုက်ဖမ်းကြ၊ မီးဆို က ရေပုံးသဲပုံးသယ်ကာ ပြေးလာကြ ဝိုင်း ငြိမ်းကြ။

တုံးမောင်းသည် တစ်ခေတ်တစ်ခါ၏ ထိရောက်လှသော သတင်းဖြန့်ဝေပစ္စည်း လေးအဖြင့် အိမ်ရှေ့ဝရံတာတွင် ခန့်ထည် စွာ နေရာယူခဲ့လေသည်။
မြိတ်မြို့နယ် တုံးဗျောကျေးရွာတွင် လွန်ခဲ့တဲ့ နှစ် ၂၀ က အိမ်တိုင်းနီးပါး ဝါးဆစ်တုံးမောင်းလေးများ ဆွဲထားကြောင်း အသက် ၅၂ နှစ်ရှိသူ ဦးစိုးမင်းက ပြောပြသည်။
“သူပုန်၊ ဓားပြ၊ လက်နက်ကိုင် လူစိမ်းတွေဝင်လာရင် ဝါးဆစ်တုံးမောင်း ခေါက်ပြီး အလွယ်တစ်ကူ အသိပေး နိုင်အောင်လို့ လုပ်ကြတာ” ဟု ဦးစိုးမင်း က ပြောသည်။
တုံးဗျောရွာတွင် လူတစ်ယောက် ယောက် သေဆုံးလျှင်ပင် တရွာလုံးသိရန် တုံးမောင်းခေါက်သည့်ဓလေ့ ရှိခဲ့ဖူးကြောင်း ဦးစိုးမင်းက ပြောသည်။

သူကြီးအိမ်၊ ဆယ်အိမ်ခေါင်းများ အိမ်မှ တုံးမောင်းကား သာမန်အိမ်က တုံးမောင်းများထက် ပိုကြီးလေ့၊ အသံ ပိုကျယ်လေ့၊ အသံပိုထူးခြားကွဲပြားလေ့ ရှိသည်။ ရွာသားတို့က တုံးမောင်းသံ များအား မည်သူက မည့်သည့်အကြောင်း အတွက်တီးသည်ကို ခွဲခြားနိုင်ကြသည်။ သူတို့ လူစုလျှင် တုံးမောင်းခေါက်၍ စုလေ့ ရှိသည်။
အချက်ပေးသည့်နေရာတွင် တုံး မောင်းသာမက သံချောင်းခေါက်သံများ လည်း အသုံးပြုတတ်ရာ သံချောင်း ခေါက် သံကိုမူ အိမ်များက အသုံးပြုလေ့မရှိဘဲ၊ အများနှင့်သက်ဆိုင်သော ရုံး၊ မီးကင်း၊ ကျောင်း စသည့်နေရာများတွင်သာ တပ်ဆင် အသုံးပြုလေ့ရှိသည်။

သံချောင်းခေါက်ရာတွင်လည်း သူ့အထာနှင့်သူဖြစ်သည်။ လူစုသံချောင်း၊ အရေးပေါ်သံချောင်း၊ (နာရီကဲ့သို့)အချက်ပေးရုံသံချောင်း စသဖြင့် ပုံစံကွဲ ကာ တီးခတ်ရသည်။ အရေးပေါ်ဆိုက အဆက်မပြတ် မနားတမ်း တီးလေ့ရှိပြီး နာရီသံချောင်းဆိုက ၂ ချက်တွဲတစ်ခါ နား တီးခတ်လေ့ရှိသည်။
မြို့များတွင် အဓိက ကြားရလေ့ ရှိသည်က ရပ်ကွက်မီးကင်းတဲမှ အချိန် မှန် နာရီသံချောင်းခေါက်သံများ ဖြစ် သည်။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ခန့်က ရပ်ကွက်ထဲ တစ်အိမ်တစ်ယောက် မီးကင်းစောင့်ပြီး ဖဲရိုက် အရက်သောက် ဂစ်တာတီးသည့်အရသာ ယနေ့အထိ မမေ့သေးကြောင်း မြိတ်မြို့၊ မြို့သစ်ရပ် နေ အသက် ၄၂ ရှိ ကိုခင်မောင်ကဆို သည်။

“ညနက်လာရင် ဝိုင်းပုံအိပ်ပြီး အိပ် ချင်မူးတူးနဲ့ ကပြာကရာ ထခေါက်တဲ့ နာရီသံချောင်းကလည်း အလွဲတွေပဲများ တယ်။ အိမ်ချင်မူးတူးနဲ့ သူခိုးလိုက်ရတာ လည်း ပျော်စရာတော့ အကောင်းသား”ဟု ကိုခင်မောင်က ဆိုသည်။
ယခုကား ရပ်ကွက်မီးကင်းများ မရှိ တော့ပြီ။
ရပ်ရွာများတွင်လည်း တုံးမောင်း လေးများ မရှိကြတော့ပေ။ ခေတ်ပေါ် ဆက်သွယ်ရေးကိရိယာများက တုံးမောင်း လေးများ၏ တာဝန်ကို ဝင်ယူလိုက်ကြပြီ ဖြစ်သည်။
“နယ်မြေအေးချမ်း လာတဲ့နောက် ပိုင်း အိမ်တွေမှာက ဝါးတုံးမောင်းတွေ မရှိကြတော့ဘူး။ တစ်ခုခုအသိပေး အကြောင်းကြားတဲ့ နေရာမှာရော အသံ ချဲ့စက်တွေက နေရာယူလိုက်ပြီ”ဟု တုံးဗျောကျေးရွာသား ဦးစိုးမင်းက ပြော လာသည်။

သို့သော် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ အတော်များများတွင်ကား ဘုန်း တော်ကြီးကျောင်းများမှ ထွက်လာသည့် တုံးမောင်းကြီးများအသံ နေ့စဉ်အချိန်မှန် ကြားနေရဆဲ ဖြစ်သည်။
အချို့ ရွာဘုန်းတော်ကြီးကျောင်း များက နံနက် ၄ နာရီ တစ်ကြိမ်၊ နံနက် ၉ နာရီတစ်ကြိမ်၊ ညနေ ၄ နာရီ တစ်ကြိမ် အချိန်မှန် တုံးမောင်းကြီးများ ထုခေါက် နေဆဲ ဖြစ်သည်။

“မနက် လေးနာရီဆို ခေါက်တယ်။ အရင်လိုတော့ တုန်းမောင်းခေါက်သံကို သတိထားတဲ့ သူနည်းသွားပြီ။ လူကြီး ပိုင်းတွေတော့ တုန်းမောင်းခေါက်သံ နားထောင်ပြီး ထမင်းချက်တာ အခုချိန် အထိ အကျင့်ပါနေတဲ့သူတွေ ရှိတယ်”ဟု ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ကော့သောင်း ရွှေဇင်ယော်ရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ကြီးတစ်ဦးကလည်း တုံးမောင်း၊ သံချောင်း ခေါက်သံ မကြားရသည်မှာ ကြာပြီဖြစ်ပြီး နံနက်စောစောတွင် ဘုန်းကြီးကျောင်း တုံးမောင်းခေါက်သံ ကြားရတိုင်း စိတ် ကြည်နူးရကြောင်း ပြောလာသည်။

“ဒီအသံကြားရင် စိတ်အေးချမ်း သလိုလို ရွာကိုလွမ်းသလိုလိုပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မီးကင်း သံချောင်းခေါက်ပေးခြင်း ကလည်း နာရီအတွက် အားကိုးရသလို သူခိုးသူဝှက်များကိုလည်း ခြောက်လှန့်ပြီးသလိုဖြစ်စေသောကြောင့် မီးကင်း များထားပေးခြင်းက အများပြည်သူ အေးဆေးစွာ အိပ်စက်ရကြောင်း ထိုအမျိုး သမီးက ပြောသည်။
အချို့က တုံးမောင်း၊ သံချောင်း ခေါက်သံတို့က ယခုကဲ့သို့ ဆက်သွယ် ရေးပစ္စည်းပေါချိန်၊ နာရီကိုယ်စီ၊ ဖုန်း ကိုယ်စီရှိချိန်တွင် တုံမောင်း၊ သံချောင်း ခေါက်သံများ မလိုအပ်တော့ဟု ဆိုသည်။
အချို့က ပုံမှန်တီးခေါက်နေသည့် အချက်ပေးသံများကို ဆက်ကြား လိုနေကြသည်။

“မိုးရာသီ လယ်ထဲမှာ အလုပ် လုပ်နေရင် တုန်းမောင်းခေါက်သံ နားထောင်ပြီး အလုပ်သိမ်းတဲ့သူ အခုချိန် အထိ ရှိနေကြသေးတယ်လေ”ဟု လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသား ကိုစိုးမင်းဦးက ပြောသည်။
မည်သို့ဆိုစေ၊ တစ်ချိန်က အိမ် တိုင်းနီပါး၏ လူမြင်သာသည့်နေရာတွင် အရေးတယူပြု ချိတ်ဆွဲခံထားရဖူးသော တုံးမောင်းလေးများခေတ် ကုန်ဆုံးခဲ့လေ ပြီ။
မြိတ်မြို့သစ်ရပ်ကွက် မီးကင်း သမားဟောင်းကြီး ကိုခင်မောင်နှင့် ရပ် ကွက်သားများလည်း သံချောင်းခေါက်သံ မကြားရတော့။

“သံချောင်းခေါက်သံ မကြားရတော့ လွမ်းတောင်နေသေးတယ်” ဟု ကိုခင် မောင်က ပြောလေသည်။