ကျွန်းမြို့ပေါ်က လူသားကျောက်ရုပ်

0
458

သည်အလုပ်ဖြင့်လည်း သူချစ်သော မြို့သူမြို့သားများအား တင်ဆက်လာ သည်မှာ ကြာခဲ့ပြီ။
သူ့အလုပ်က နာရီပေါင်းများစွာ မတုန်မလှုပ် သရုပ်ပြရသည့် လူသား ကျောက်ရုပ်။
ထမင်းစား အလုပ်မဟုတ်သော သည်ဝါသနာက သူ့ရိုးတွင်းခြင်ဆီအထိ စူးနစ်ဝင်ရောက်နေပြီး ယနေ့အထိ သတ်၍ မသေသေး။ သမ္ဗန်သမားအဖြစ် ဖြတ်သန်းလာသည့် နှစ်ပေါင်းနှစ်ဆယ် အတွင်း နှစ်စဉ်နှစ်တိုင်း ကျောက်ရုပ်အ ဖြစ် သရုပ်ဆောင်လာသည်ကပင် ဆယ်စု နှစ်တစ်ခုရှိခဲ့ပြီ။ ယနေ့အထိ သူ့လိုလုပ် သူ(လုပ်နိုင်သူ)မပေါ်သေးသည့်အပေါ် ဂုဏ်ယူမိကြောင်း အသက် ၃၈ နှစ် ရှိပြီဖြစ်သော လူသားကျောက်ရုပ်ခေါ် ကိုသန်းစိုးက ပြောသည်။

သင်္ကြန်ကာလနီးလာချိန်တိုင်း သင်္ကြန်သီချင်း ကျယ်လောင်စွာဖွင့်ပြီး မောင်းထွက်သွားသည့် ထီသည်ကားများ က သူရင်ကို ပိုပြီးလှုပ်ခတ်စေသည်။
သင်္ကြန်ရောက်လျှင် မည်သူတစ်စုံ တစ်ယောက်မျှ ခိုင်းစေမထားသော အ လုပ်တစ်ခုကို သမိုင်းပေးတာဝန်အလား သူလုပ်သည်။

“ဒီမှာက သန်းစိုးလို့မေးရင် ဘယ် သူမှ မသိတော့ဘူး။ လူသားကျောက်ရုပ် ဆိုရင်တော့ အားလုံးသိကြတယ်။ တစ် မြို့လုံးမှာ ကျွန်တော်တစ်ယောက်တည်း ရှိလို့လေ”ဟု မူရင်းနာမည် ပျောက်ဆုံး သွားသော လူသားကျောက်ရုပ်က ဆို သည်။
သင်္ကြန်ကာလရောက်လျှင် မျက်နှာ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ပေါင်ဒါ များလိမ်းကျံ၊ နေကာမျက်မှန်တပ်။ဦးထုပ်ကို တစ်ခြမ်းဆောင်းပြီး အဝတ် အစား သေသပ်ကျနစွာ ဝတ်လျက် မြိတ်ကမ်းနားလမ်း ပြည်တော်သာ ရေဆိပ် ကျောက်တံတားရှေ့တွင် စားပွဲသို့မဟုတ် သံပေပါတစ်လုံးပေါ် တက်ရပ်ပြီး နေပူပူ မိုးရွာရွာ လေထန်ထန် မတုန်မလှုပ် မရီမပြုံး မျက်တောင်မခတ် နှာမချေပဲ ပကတိကျောက်ရုပ်တစ်ရုပ်အဖြစ် သူနေ ပြခဲ့သည်။
ရေပက်ခံထွက်လာကြသူများက သူ့ကို ဝိုင်းကြည့်ကြသလို ကလေးများက သူ၏ ခြေလက်များကို တို့ထိကိုင်တွယ် ကာ လူလောအရုပ်လော စူးစမ်းကြသည်။

သူကတော့ ထုံးစံအတိုင်း မတုန်မ လှုပ်။
“မနားတမ်း ၃ နာရီပဲ လုပ်နိုင်တယ်။ ညောင်းညာကိုက်ခဲလို့ ဒီထက်ပို မလုပ် နိုင်ဘူး။ စိတ်တည်ငြိမ်ဖို့က အရေးကြီး ဆုံးပေါ့”
ယခင်သင်္ကြန်ပွဲတော်ကာလများ အတွင်း လည်ပင်း၌ ဟာသစာတမ်းများ ချိတ်ဆွဲကာ မြို့သူမြို့သားများကို ပြုံး ပျော်စေရန် ရည်ရွှယ်ပြီး လုပ်ခဲ့သော်လည်း နိုင်ငံရေးရာသီဥတု ပွင့်လင်းလာသည်နှင့် အမျှ အာဇာနည်နေ့၊ လွပ်လပ်ရေးနေ့၊ ဗိုလ်ချုပ်မွေးနေ့၊ ဒေါ်စုမွေးနေ့၊ သမ္မတ သစ်ကိုကြိုခြင်း စသည့်စာတမ်းများ ချိတ် ဆွဲပြီး နေ့ထူးနေ့မြတ်များတွင်ပါ လုပ် ဆောင်လာခဲ့သည်။

သဘောကျသော လူတချို့က ငွေစ ကလေးငါးရာတစ်ထောင်ဆု ချီးမြင့် သည့်အနေဖြင့် သူ့ချိတ်ကလေး၌ ချိတ် ပေးကြသည်။ သည်အပေါ် ငွေရသဖြင့် လုပ်နေသည်ဟု ထောပနာပြုသူတချို့ ကြောင့် “ငွေပေးခြင်း သီးခံပါ”ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့မိသော်လည်း လူတကာ ကြည်ဖြူစွာပေးသော ချီးမြှင့် ငွေကိုငြင်းပယ်တာ မကောင်းဟု ချီးမြှင့် သူများကိုယ်တိုင်က ပြောဆိုကြသည် ကြောင့် ပြန်လည်လက်ခံခဲ့ရကြောင်း လူ ကျောက်ရုပ်က ပြောပြသည်။

“ငွေလိုလို့လုပ်တာ မဟုတ်ပါဘူး။ ရတဲ့ငွေကလည်း လေးငါးထောင်ပါ။ တ ကယ့်ကို ဝါသနာပါလို့ လုပ်နေတာပါ”
မိဘများ သက်ရှိထင်ရှားရှိစဉ် အချိန်က လှေပိုင်ရှင်အဖြစ် ဘ၀ကို အေး ချမ်းစွာ ဖြတ်သန်းခဲ့ရသော်လည်း ၎င်းတို့ တိမ်းပါးပြီးသည့်အချိန်၌မူ အိမ်ထောင် ရက်သားကျကာ အငှားလှေ အငှားအိမ်ဘ ၀ဖြင့် မကြာခဏရွှေ့ပြောင်းကျင်လည်ပြီး လောကဓံကို ရင်ဆိုင်နေရကြောင်း လူ ကျောက်ရုပ်ဇာတ်ကောင် ကိုသန်းစိုးက ထုတ်ဖော်ဖွင့်ဟသည်။

“ကံစီမံရာအတိုင်း နေရတာပေါ့”သူကိုယ်တိုင်က အတန်းစာနှင့် ပတ်သက် ပြီး သေစာရှင်စာမျှသာ တတ်ခဲ့သော် လည်း သူ့သားသမီး ၃ ဦးကိုတော့ ဘွဲ့ တစ်ခုရသည်အထိ ကြိုးစားရုန်းကန်သွား မည်ဖြစ်ကြောင်း ဆိုသည်။
“ကိုယ်တိုင်က အတန်းပညာအား နည်းပြီး ဆင်းရဲတယ်။ ဒါပေမဲ့ ကိုယ့်သား သမီးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန် တော့်လို အဖြစ်မခံနိုင်ဘူး”

မြိတ်ဇာတိဖွား ဟိန္ဒူအနွယ်ဝင်တစ် ဦးဖြစ်သူ သူက နိုင်ငံရေးကို နားမလည် သော်လည်း စိတ်ဝင်စားပြီး ငြိမ်းချမ်း ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးကို လိုလားသူတစ်ဦးဖြစ်ကြောင်း ယင်းက ဆိုသည်။
“အသားအရောင် လူမျိုးဘာသာမ ခွဲပဲ ချစ်ချစ်ခင်ခင်နေတာကိုပဲ အမြဲတမ်း မြင်ချင်တယ်”
သူအလေးစားဆုံး ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး ဒုတိယမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း ဆို သည်။
“သူ့အဖေက လွပ်လပ်ရေးရအောင် လုပ်ပေးတယ်။ သူ့သမီးက ဒီမိုကရေစီရ အောင် လုပ်ပေးတယ်။ ဒါကြောင့်”
လက်ရှိ အငှားသမ္ဗန်မောင်းပြီး မိသားစုစားဝတ်နေရေး အနိုင်နိုင် ဖြေရှင်း နေရသော သူ့ဘ၀ပြောင်းလည်းဖို့ အရေးက မလွယ်။ ဝမ်းတစ်ထွာတိုက်ပွဲ က ခက်ခက်ခဲခဲ။
“လုပ်လိုက် စားလိုက်ပဲ။ စုဆောင်းမိ ဖို့နေနေသာသာ ငါးမဖမ်းရ ရာသီဆို အ ရမ်းကြပ်တည်းတယ်”ဟု သူက ငြီးငြီး တွားတွား။

တစ်နေ့လုပ်တစ်နေ့စားဘ၀ဖြင့် ဆင်းရဲကျပ်တည်းမှု လောကဓံလှိုင်းတံပိုး များကို နေ့စဉ်တွန်းလှန်နေရသော်လည်း သင်္ကြန်ရောက်လေတိုင်း သူ့ရူးသွပ်မှု ဝါသနာကိုတော့ တွန်းလှန်ခြင်းမပြု။
နှစ်ပရိစ္ဆေဒကြာမြင့်ပြီဖြစ်သော ဝါသနာမှ သန္ဒေတည်ပေါက်ဖွားလာသော အိပ်မက်တစ်ခုက ဆူးတစ်ချောင်းနှယ် သင်္ကြန်ရောက်လေတိုင်း သူ့ရင်ဘတ်ကို ထိုးဆွနေသည်။

သူ့အိပ်မက်က ယင်းပွဲတော်ကာလ ရောက်တိုင်း မြန်မာပြည်၏ ထင်ရှားသော မြို့ကြီးများ၌ ကျွန်းပေါ်ကလာသော လူသားကျောက်ရုပ်အဖြစ် လူအများကို ဖျော်ဖြေတင်ဆက်ချင်သည့် အာသီသ ။
“တကယ်တော့ ကျွန်တော်အိပ်မက် က လေထဲမှာတိုက်ဆောက်သလို စိတ် ကူးယဉ်ဖို့လောက်ပဲရတယ်ဗျာ”
သူ့လေသံက တိုးတိုးလျလျ။

ဘာပဲပြောပြော ဘယ်လိုပဲဆိုဆို သင်္ကြန်ကာလရောက်လေတိုင်း ကျွန်း သူကျွန်းသားများအား နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် နေရာ အနှံ့တင်ဆက်ပေးနေသော လူသား ကျောက်ရုပ်တစ်ရုပ်ကို ပုံစံအမျိုးမျိုးဖြင့် ကျွန်တော်တို့ တွေ့မြင်နေကြရပေဦး မည်။

ကျောက်ရုပ်အိပ်မက် ပန်းမပွင့်ဘဲ ငုံမြဲနေမည်ဆိုလျှင်ပေါ့။