အစိုးရဖျင်း

0
532

တစ်မိနစ်အတွင်း ဒူးရင်းသီး အလုံး ရှစ်သောင်း ရောင်းပြလိုက်သည်။
မြန်မာပြည်တွင်တော့ မဟုတ်ပါ။ ထိုင်းနိုင်ငံတွင် ဖြစ်သည်။
ရွှေခေါင်းအုံးအမည်ရ (ထိုင်းတွင် တော့ မောထောင်ဟုခေါ်ကြသည်) ထို ထိုင်းဒူးရင်းသီးကို တစ်မိနစ်အတွင်း ရှစ် သောင်း ရောင်းပြလိုက်သည့် နေရာမှာ ထိုင်းနိုင်ငံရှိ နာမည်ကျော် သစ်သီးဈေး များတွင် မဟုတ်ပါ။
ကမ္ဘာ့အကြီးဆုံး အွန်လိုင်းကုန် တိုက်ကြီးပေါ်မှဖြစ်သည်။

အဓိက ဝယ်သူများမှာ တရုတ်များ ဖြစ်သည်။
ထိုအရောင်းအဝယ်အတွက် ကြားခံ ပေးသူမှာ တရုတ်သူဌေးကြီး ဂျက်မား၏ အာလီဘာဘာ ကုမ္ပဏီ ဖြစ်သည်။ အာလီ ဘာဘာ ကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် အကြီးဆုံး အွန်လိုင်းဈေးဝယ်စင်တာ ကြီးဖြစ်ပြီး တရုတ်နှင့်နိုင်ငံတကာ ရောင်း ရေးဝယ်တာများကို အဓိက ချိတ်ဆက် ပေးထားသော ပလက်ဖောင်း ဖြစ်သည်။

အာလီဘာဘာသည် နိုင်ငံတကာမှ အမျိုးမျိုး အဖုံဖုံသော ပစ္စည်းများ ဝယ် ယူလိုသည့် တရုတ်ဝယ်လက်များ၊ တရုတ် နိုင်ငံထုတ်ပစ္စည်းများကို ဝယ်လိုသော နိုင်ငံတကာ ဖောက်သည်များနှင့် ကြားခံ ပေးသော အင်တာနက်အွန်လိုင်း ပလက် ဖောင်းဖြစ်သည်။
အချို့ကို ပစ္စည်းအမယ်အလိုက် ကော်မရှင်ခယူခြင်းဖြင့်လည်းကောင်း၊ အချို့ပစ္စည်းများကို အခမဲ့ ချိတ်ဆက် ပေးပြီး အွန်လိုင်းစာမျက်နှာပေါ်တွင် ပစ္စည်းကြော်ငြာခ ယူခြင်းဖြင့်လည်း ကောင်း ဝင်ငွေရရှိသည်။

ဂျက်မားမှာ ထိုင်းနိုင်ငံသို့ မကြာခ ဏ လာရောက်တတ်သူဖြစ်ပြီး ၂၀၁၆ ခု နှစ်တွင် ထိုင်းစစ်အာဏာသိမ်းခေါင်း ဆောင် ဝန်ကြီးချုပ်ပရာယုနှင့် တရုတ် နိုင်ငံ၌ တွေ့ဆုံခဲ့သည်။
ယင်းနောက် ထိုင်း စိုက်ပျိုးထုတ် ကုန်များ အာလီဘာဘာမှတစ်ဆင့် တရုတ် နိုင်ငံတွင် ရောင်းချရေး ထိုင်းဝန်ကြီးချုပ် နှင့်ဂျက်မားတို့ စကားပြောခဲ့ကြသည်။

ဝန်ကြီးချုပ် ပရာယုနှင့် စကားပြော ဆိုခဲ့သော ထိုင်းစိုက်ပျိုးရေးထုတ်ကုန် များတွင် ဒူးရင်းသီးသာမက၊ ဆီအုန်း၊ ရာဘာလည်း ပါဝင်သည်။ ထို့အပြင် ထိုင်းနိုင်ငံရှိ အခြားစိုက်ပျိုးထုတ်ကုန်များ၊ အိုတော့ (OTOP) ကဲ့သို့သော ရပ်ရွာ ထွက်ကုန်များ လူသိများရေး၊ နိုင်ငံတကာ ဈေးကွက်ဝင်တိုးရေးကိုလည်း စကား ပြောခဲ့သည်။
ယင်းမှတစ်ဆင့် ကနဦးအဖြစ် ထိုင်း၏ နာမည်ကျော်ရွှေခေါင်းအုံး ဒူး ရင်းသီးကို ဈေးကွက်စတင်လိုက်ခြင်း ဖြစ်သည်။ ဒူးရင်းသီးတန်ဖိုး အမေရိကန် ဒေါ်လာ ၄၂၈ သန်းဖိုး (မြန်မာငွေ ကျပ် သန်းပေါင်း ငါးသိန်းခွဲကျော်ဖိုး) ဝယ်ယူ ရန် စာချုပ်ချုပ်ဆိုခဲ့သည်။ (ရွှေခေါင်းအုံး မျိုး ဒူးရင်းသီး တစ်ကီလိုလျှင် အနည်း ဆုံး မြန်မာကျပ်ငွေ တစ်သောင်းမှ နှစ်သောင်း ခွဲအထိ အမျိုးမျိုးရှိကြောင်း အာလီဘာ ဘာ အင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။)

စာချုပ်ချုပ်ဆိုပွဲမတိုင်မီ ရှင်းလင်းပွဲ တွင် အများပြည်သူရှေ့၌ တစ်မိနစ်အ တွင်း ဒူးရင်းသီး အလုံးရေရှစ်သောင်း ရောင်းပြခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ပေါ်က ထိပ်သီး လုပ်ငန်းပေါင်းများစွာက စက်ရုံလာ တည်ပစ္စည်းထုတ်ကြသဖြင့် ကမ္ဘာ့စက်ရုံ ကြီးအဖြစ် တင်စားခံထားရသည်။ ယင်း ၏အကျိုးဆက်အဖြစ် အလျင်အမြန် ချမ်းသာလာခဲ့သည်။ သဘာဝပတ်ဝန်း ကျင် ညစ်ညမ်းမှုလည်း အလျင်အမြန် ဖြစ်လာသည်။
စားနိုင်သုံးနိုင်၊ လည်နိုင်ပတ်နိုင် သော လူလတ်တန်းစား သန်း ၃၀၀ အထိ ရှိလာပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီး ဆုံးစားသုံးသူဈေးကွက်ကြီးလည်း ဖြစ် လာသည်။

“ကုန်သွယ်ရေးကို ဦးစားပေးတဲ့ နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို ပစ္စည်း တင်ပို့ရောင်းချပြီး အဲဒီ(စားသုံးနိုင်တဲ့ လူတန်းစားကို ဦးတည်ရောင်းချဖို့) အခွင့်အရေးအသုံးချဖို့ အခုအချိန်က အကောင်းဆုံး အချိန်ပဲ”ဟု အာလီဘာဘာ တည်ထောင်သူ ဂျက်မားက ဆိုခဲ့သည်။ ထိုင်း ဒူးရင်းတောတောင်သူတွေကတော့ ဈေးကွက်ခိုင်ပြီဟု မီဒီယာအချို့တွင် ဖော်ပြကြသည်။

မြန်မာ တောင်သူတွေကကော၊ တနင်္သာရီတိုင်းက တောင်သူတွေကကော သည်လိုမျိုး ဘယ်တော့ ဈေးကွက်ခိုင်ကြ မလဲ။
တနင်္သာရီတိုင်းတွင် ဒူးရင်းသီး လည်း ထွက်ပါသည်။ ရော်ဘာလည်းရှိပါ သည်။ ဆီအုန်းလည်း လေကြီးမိုးကြီး စိုက်ထားပါသည်။ ကွမ်းသီးလည်း ရှိပါ သည်။
ယင်းထွက်ကုန်များအတွက် ကမ္ဘာ့ ဈေးကွက်ကား အဘယ်နည်း။

အာလီဘာဘာ ဂျက်မားကို ထိုင်း စစ်အာဏာသိမ်း ဝန်ကြီးချုပ်ပရာယုက ခေါ်လာသည်။
ထိုပစ္စည်းများ ရောင်းဖို့အတွက် ဂျက်မားကိုရှာဖို့ ပရာယုတစ်ဦး တနင်္သာရီ တိုင်းတွင် လိုနေပါသည်။
ရွှေခေါင်းအုံး ဒူးရင်းသီးကဲ့သို့ ဈေး ကွက်ဝင်သီးနှံများ တနင်္သာရီတိုင်းတွင် ရှိရေးမည်သူများ ကြံဆောင်ပေးကြမည် နည်း။
သေချာနေသည်မှာ ဒေသတွင်းမှ ပစ္စည်းများ နိုင်ငံတကာဈေးကွက်ဝင်ရေး၊ တစ်နည်းအားဖြင့်ဆိုသော် အခွန်ထမ်း တောင်သူများ (အစိုးရကို လစာပေး ခိုင်း စားထားသော တောင်သူများ) နိုင်ငံတ ကာဝင်ငွေရရှိရေး ဈေးကွက်အဆင့်မမီ သေးပါ။

နိုင်ငံတကာဈေးကွက်မှ လိုအပ်သော အရည်အသွေးနှင့် အရေအတွက်ကို ဖြည့် ဆည်းပေးနိုင်ခြင်း မရှိသေးပါ။ Market Failure ဖြစ်နေသည်။
ထိုပစ္စည်းများ ရောင်းဖို့အတွက် ဂျက်မားကို မခေါ်မီ အဆင့်မမီသော ဈေးကွက်ကြီးကို အဆင့်မီဈေးကွက် ဖြစ် နိုင်ရေး မြှင့်တင်ပေးမည့်အစိုးရ လိုနေပါ သည်။

ခေတ်သစ်စီးပွားရေးပညာရပ်တွင် အစိုးရ၏ ဝင်ရောက်ထိန်းညှိမှု (Gover-nment Intervention) လိုအပ်မလို အပ်၊ မည်မျှလိုအပ်သည်တို့နှင့် ရှုထောင့် ပေါင်းစုံ၊ အမြင်ပေါင်းစုံ၊ အကောက် အယူပေါင်းစုံရှိသော်လည်း မြန်မာနိုင်ငံ အနေနှင့်မူ ထိုကိစ္စ အငြင်းပွားရန် မလို အပ်ပါ။
အစိုးရအဆက်ဆက် စနစ်အမျိုးမျိုး စမ်းသပ်ချမှတ်၍ ဖျက်ဆီးခဲ့သော စီးပွား ရေးစနစ်ကြီးကို ပြန်လည်တည့်မတ်ရန် အစိုးရ၏ မှန်ကန်သောမူဝါဒ၊ ဝင်ရောက် ထိန်းညှိမှု လိုပါသည်။ ရာနှုန်းမည်မျှလို သည်ကိုမူ အကြေအလည်ဆွေးနွေးသုံး သပ်ရမည်ဖြစ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းလှ သည်မှာ ယခင်မူဝါဒအမှားများကို ပြန် လည်ပြင်ဆင်တည့်မတ်ရမည့်အစား၊ ယ ခင်ချမှတ်ခဲ့သော မူဝါဒများကိုပင် တရို တသေလက်စွဲထားကာ ဥပဒေအတိုင်း ဟူသော စကားရပ်ကို တရားသေကိုင်စွဲ ထားဆဲဖြစ်သည်။ တကယ်က ထို ဥပဒေ၊ နည်းဥပဒေများကို ယနေ့ခေတ်စီးပွားရေး စနစ်နှင့်အညီ ပြောင်းရမည်ဖြစ်သည်။
ထိုသို့ဖြစ်နေသော အစိုးရ၏ စွမ်း ဆောင်ရည် အားနည်းမှု၊ ညံ့ဖျင်းမှု (Government Failure) က Market Failure ထက်သာ၍ ဆိုးပါသည် (Ha-Joon Chang, Economics: The User’s Guide, 2014)။

စီးပွားရေးစနစ်တွင် ဖြစ်ပွားနေ သော ပြဿနာကို ဖြေရှင်းရေးအစိုးရက ဝင်ရောက်ပြင်ဆင်လိုက်သည့် အချိန် တွင်မှ အခြေအနေများက ပိုဆိုးသွားခြင်း၊ ပြဿနာပိုတက်လာခြင်းကို အစိုးရညံ့ ဖျင်းမှု (Government Failure) ဟု ခေါ်သည်။
ယခုလည်း လုပ်လိုက်မှ ပိုဆိုးသွား သည်များကို မြင်နေရသည်။
စီးပွားရေး အခြေအနေတွေကလည်း မကောင်း၊ လုပ်လိုက်မှလည်း ပိုဆိုးသွား လျှင်တော့ မည်သို့မည်ပုံ လုပ်ရမှန်းပင် မတွေးတတ်တော့။

တကယ်တော့ တနင်္သာရီတိုင်းဒေသ ကြီးမှ ထုတ်ကုန်မှာ နိုင်ငံတကာဈေး ကွက်ရောက်ရေး နောက်ထားလိုက်ပါဦး။ လူဦးရေ သန်း ၅၀ ရှိသော မြန်မာဈေး ကွက်အတွက်ပင် လိုအပ်ချက်များ ရှိနေ သေးသည်။
ဥပမာ လူကြိုက်များသည့် တိုင်း ရင်းဆေးအဖြစ်သုံးသော ကန်းဇော်ဆီကို ထုပ်ပိုးမှုပိုကောင်းစွာ၊ အရည်အသွေး တန်းတူညီစွာ ရောင်းချရေး။
ယခုတော့ ကန်းဇော်ဆီကို ယာမ ကာပုလင်းထဲထည့်ရောင်း (ရုတ်တရက် ကြည့်လိုက်ပါက Grand Royal ကန်း ဇော်ဆီဖြစ်ဖြစ်နေတတ်သည်)၊ အရည်အ သွေးကလည်းအမျိုးမျိုး၊ ဈေးကလည်း အမျိုးမျိုး၊ ဆိုင်အပေါ် မူတည်ပြီးလည်း အရည်အသွေးကွာ၊ ဈေးကွာဖြစ်နေသည်။

ကန်းဇော်ဆီအကြောင်း နားမလည် သော ဝယ်သူတစ်ဦးက မည်သည်ကို စံထား ၍ ဝယ်ရမည်ကို မသိ။ ဒေသခံများကို မေးစမ်းဝယ်ရသည်။
ယင်းမှာ စနစ်ပျက်နေခြင်းဖြစ် သည်။
နောက်သိသာသည့်တစ်ခုမှာ မုန့် ကုလားမဲ ဖြစ်သည်။
အုန်းဆီ ကောက်ညှင်း ငချိတ်တို့ဖြင့် ပြုလုပ်ထားသည့် မုန့်ကုလားမဲမှာ အထားမခံလှ။ ထုတ်လုပ်လိုက်သည့် အချိန်မှ စားသင့်သည့်အချိန်က တစ်ပတ် မျှသာ။ ဆိုင်တွင် လာဝယ်သည့်သူက ထိုမုန့်ကို ဘယ်တုန်းက ထုတ်လုပ်ထား သည်ကို မသိ။ မုန့်တွင်လည်း ကုန်ဆုံး ရက် မပါ။

ဝယ်သွားပြီးနောက်နေ့ ဆီအနံ့နံ ကာ မှိုတက်သည့်အဖြစ်မျိုး ကြုံဖူးပါလိမ့် မည်။ အထူးသဖြင့် အခြားနေရာမှ လာ ရောက်လည်ပတ်ဝယ်ယူသူများ ပိုကြုံဖူး ပေလိမ့်မည်။ ထိုအခါ မုန့်ကုလားမဲမှာ နာမည်ပျက်တော့သည်။ မုန့်ကုလားမဲမှာ မွေးကတည်းက ကောင်းပြီးသားဖြစ် သော်လည်း စနစ်ဖျင်းခြင်းကြောင့် သူ့ခ မျာ နာမည်ပျက်ရလေသည်။

ယင်းတို့မှာ ဥပမာများဖြစ်သည်။ လုပ်ကိုင်စရာ အခြားကုန်ပစ္စည်း အမယ် များစွာ ရှိပေလိမ့်မည်။
ထိုထုတ်ကုန်တို့ကို စနစ်တကျစံ နှုန်းသတ်မှတ်ရေး စံချိန်စံညွှန်းတစ်ခု လိုပါသည်။ ယင်းမှာ ပုဂ္ဂလိကလုပ်ငန်း ရှင်များချည်း လုပ်၍မရပါ။ သက်ဆိုင်ရာ အစိုးရဌာနများနှင့်ပေါင်း၍ လုပ်ရမည် ဖြစ်သည်။
ယင်းနေရာတွင် အစိုးရ၏မူဝါဒ ကောင်း၊ လုပ်ဆောင်ချက်ကောင်းလိုပါသည်။
အာလီဘာဘာ ဂျက်မားကို တရုတ် ပြည်တွင် ကန်းဇော်ဆီ၊ မုန့်ကုလားမဲ မရောင်းခိုင်းမီ ပြည်တွင်းတွင် အဆင်သင့် ဖြစ်ရန် လိုသည်။
အစိုးရအနေနှင့် ပြည်တွင်းအသေး စား အလတ်စားလုပ်ငန်းများကို ကူနေပါ ကြောင်း လေပေးနေရုံနှင့်မရပါ။ မြေပြင် ပေါ်တွင် ရလဒ်ပြနိုင်ရန်လိုသည်။
ထိုသို့ မလုပ်နိုင်လျှင် အစိုးရဖျင်း ဖြစ်မည်။ လုပ်လိုက်မှ ပိုဆိုးသွားလျှင် တော့ . . . အစိုးရလည်း လုပ်မနေပါနှင့် တော့ဟုသာ ဆိုချင်ပါတော့သည်။
ထိုင်းက နာမည်ဆိုးဖြင့် ကျော် ကြားသော စစ်အာဏာသိမ်းခေါင်းဆောင် ကတော့ လုပ်ပြလိုက်ပြီးလေပြီ။
ကိုးကား –
Ha-Joon Chang, Economics: The User’s Guide, 2014
– www.study.com
– http://www.bbc.com/news/business-29077495
-The Nation, Thailand