ဒုံးပုလဲအော်ကျောင်း ဝန်ထမ်းအဆောင် အရေးပေါ်လိုအပ်နေ

0
391

ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆရာ ဆရာမများအတွက် ဝန် ထမ်း အဆောင် အရေးပေါ်လိုအပ်လျက် ရှိကြောင်း ကျေးရွာတာဝန်ခံ ဒေါ်မိုးမိုး သူက ပြောသည်။

ကျေးရွာမှ ကျောင်းသားမိဘများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော လက်ရှိ ကျောင်းဝန်ထမ်း အဆောင်မှာ အိုမင်း ဆွေးမြေ့ကာ ပြိုကျလုလု ဖြစ်နေသောကြောင့် ကျောင်းဖွင့်ချိန်အမီ အဆောင်သစ် အရေးပေါ် လိုအပ်နေခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးသူက ပြောသည်။

ကျောင်းတွင် စုစုပေါင်း ဆရာ ဆရာမ ၁၇ ဦးရှိပြီး ရွာခံဆရာမ ၄ ဦးသာရှိသဖြင့် ဝန်ထမ်းဆာင်တွင် နေထိုင်မည့် ဆရာဆရာမ ၁၃ ယောက် စာအတွက် အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းဆောင်များ လိုအပ်နေကြောင်း သိရသည်။
“အဆောင်ဟောင်းက နေလက်စနဲ့ ပြိုကျသွားမှာကိုပဲ စိုးရိမ်တယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

ဒုံးပုလဲအော်ကျောင်းအား အလယ် တန်းကျောင်းအဖြစ် ၂၀၁၆- ၁၇ ပညာ သင်နှစ်တွင် အဆင့်တိုးမြှင့်ခဲ့ပြီး ကျောင်းသူ ကျောင်းသား ဦးရေ ၄၄၀ ကျော် ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။