ရယ်ရမောရ အရေးပေါ်ဆရာဘ၀ (၅)

0
553

မနေ့ညနေပိုင်းက ကြေးမုံသတင်းစာ ပါ ဆရာဘိုးတင်ရဲ့ “ဆေးဘက်ဆိုင်ရာ ကျင့် ဝတ်သိက္ခာ ” အမည်ရှိ ဆောင်းပါးကို ဖတ်ပြီးသကာလ အရေးပေါ်ဆရာဝန်ရဲ့ စိတ်နှလုံးတို့ နူးညံ့ ပျော့ပြောင်းလို့ သည်မနက် တက်ကြွလန်းဆန်းနေလေရဲ့။

ဟုတ်တာပေါ့၊ ဆောင်းပါးအစမှာ သမိုင်းနဲ့ချီပြီး ရေးထားတဲ့အတိုင်း ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာစံနှုန်း တွေနဲ့နေကြတဲ့ ဆေးပညာရှင်တွေပဲ ပေါ့။ ကမ္ဘာပေါ်မှာရှိကြတဲ့ အသက်မွေးမှု ပေါင်းမြောက်များစွာထဲ ဘယ်အသက်မွေး ဝမ်းကျောင်းမှုမှ ဆေးပညာရှင်တွေ လောက် ကျင့်ဝတ်သိက္ခာစောင့်ထိန်းရတာမှ မရှိ တာ၊ ဆေးကျောင်းမှာ စာသင်စဉ်ကတည်း က ဆေးပညာကျင့်ဝတ်ဆိုတာ အလေး ထား သင်ကြားပေးခဲ့ကြသလို ဘွဲ့ယူ တော့လည်း ဟစ်ပိုကရေးတီး ကျိန်စာကို ကတိသစ္စာပြု ရွတ်ဆိုပြီးပါမှ ဘွဲ့ရယူခဲ့ ကြသူတွေဆိုတော့ သူရေးတာ မဆန်းလှ၊ အမှန်ပေါ့လေ။ တကယ်က နိဒါန်းနဲ့စပြီး ချည်လာတာ။

ဆေးပညာသမိုင်းကစလို့ အင်္ဂလန် နိုင်ငံကအထွေထွေ ဆေးကောင်စီရဲ့ ဆရာဝန်ဝတ္ထရားများဖြစ်တဲ့ အချက်တွေ ကို ဆောင်းပါးရှင်က ကိုးကားတယ်။

၁။အရည်အသွေး မြင့်မားခြင်း၊ အတတ်ပညာကျွမ်းကျင်မှုနှင့် ဆောင်ရွက် မှု အရည်အသွေးမြင့်မားခြင်း (Know-ledge , Skills and Performance)
၂။ လူနာဘေးအန္တရာယ်ကင်းရှင်း စေခြင်းနှင့် ကုသမှု အရည်အချင်းပြည့်ဝ ခြင်း။ (Safety and Quality)
၃။ ဆက်ဆံရေး၊ ပူးပေါင်းဆောင် ရွက်ခြင်းနှင့် အသင်းအဖွဲ့အလိုက် ဆောင် ရွက်တတ်ခြင်း။ (Communication, Partnership and teamwork)
၎။ ယုံကြည်ကိုးစားမှု မပျက်အောင် ထိန်းသိမ်းခြင်း။(Maintaining Trust)တဲ့၊ လေးချက်။

ထားတော့ အဲသည်လေးချက် ကတော့ မြန်မာနိုင်ငံဆေးကောင်စီ ကလည်း လက်သင့်ခံထားကြတယ်။
နောက်သူဆက်ရေးတာက လူနာ အပေါ် လေးစားကြဖို့အကြောင်းနဲ့ ဆရာဝန် ဆေးဝန်ထမ်းတွေရဲ့ တလွဲမာနအကြောင်း အကျယ်တဝင့် ထောက်ပြထားတယ်။ လက်ခံရ မပေါ့လေ။ ကိုယ့်ဆေးရုံဆေးခန်း တွေကို ပိုင်နက်လို့ သဘောထား သတ် မှတ်ပြီး ပိုင်နက်အတွင်း နင့်ပဲငဆ ပြုမူ ပြောဆိုခြင်းသည် အနိုင်အထက်ဆန် သည့် အပြုအမူ(Territorial instinct) ဖြစ်တတ်တဲ့သဘောရှိလေတော့ လူနာ အပေါ် လေးလေးစားစားဆက်ဆံဖို့ အကြံ ပြုထားလေတော့ မဆိုးလှ။ လက်သင့် ခံရမည်ပေါ့လေ။

သူသတိမမူတာက လူအင်အားနဲ့ သည် မှာဘက်က အလုပ်ဝန်ထုပ်ဝန်ပိုး မမျှတ တာ သူပြောမသွားခဲ့။ ပြီးတော့ သည်မှာ ဘက် ကျန်းမာရေးစောင့်ရှောက်ခံ ပြည်သူတွေရဲ့ အသိပညာရေချိန် လိုအပ် နေသေးတာ၊ နိုင်ငံရေးမှာ သည်မှာဘက် သို့ အသုံးချလျက် အမြတ်ထုတ်တာတွေကို သူမမြင်သွားခဲ့။
ဆိုလိုတာက ပြည်သူနှင့် ကျန်းမာ ရေး ဝန်ထမ်းအကြား ရန်တွေတိုက်ပေး ထားသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက် မှုဆိုသည့် ယုတ္တိမဲ့မူကို မပြင်နိုင်သလို တိတိကျကျမူတစ်ခုခုကို သည်ဘက်ခေတ် အထိ ပြတ်ပြတ်သားသားချမပြနိုင်ကြ။ ဘယ်သူတွေ ဘယ်သို့အလုပ်တွေ ဘယ်လို မနိုင် မနင်းလုပ်နေရသည်ကိုလည်း အထက်က ပြန်မကြည့် ပြန်မသိသည့် အနေအထားမှာ ကျွန်တော်တို့တွေ အလုပ် လုပ် ရလည်းမော စိတ်လည်းအလွန်မော ရပါသည်။ ဘာပြောပြော ကိုယ်တွေ ဖက်က နိုင်သည့် အတိုင်းအတာတော့ ကြိုးစားကြမည်ပေါ့လေ။

အဲသလို အတွေးတွေနဲ့ အလုပ်ထဲ နစ်လို့ အလုပ်တွေ လုပ်နေတုန်း။
” ဆရာရေ့၊ ဆရာ ကျွန်တော့်လူနာ သေတော့မယ် မကြည့်သေးဘူးလား။ တိုင်ပလိုက်ရမလား၊ ဟမ်” လို့ ခပ်တင်း တင်း ခပ်ထွေထွေဆိုလာတော့ သည်ဘက် မှာ ယာဉ်မတော်တဆမှုကြောင့် ခြေထောက် ကျိုးပြီး သွေး တအားထွက်နေသည့်လူနာ တစ်ယောက်နှင့် ဝမ်းဒလဟော သွားကာ ရှော့ခ် (Shock) ရနေသည့် လူနာအတွက် လိုအပ်တာလုပ်နေရင်းက တစ်ဖက်ကုတင် မှာ နှလုံးဖောက်နေသည့်(Cardiogenic Shock)နှင့် လူနာကို စောင်းငဲ့ကြည့်ရင်း လိုအပ်တာ ညွှန်ကြားနေရတဲ့အထဲ အရေး ပေါ် အသက်ကယ်ခန်းထဲအထိ အတင်း ဝင်လာရန်ပြုမတတ် ခါးထောက်ပြီး လာပြောသည့် အဲသည်လူနာစောင့်ရဲ့ အသံကြားတော့ သူနာပြုဆရာမလေးကို လှမ်းမေးရသည်။

” ဆရာမရေ၊ ဟိုလူနာက ဘာဖြစ်လို့ ပါလိမ့်။”
“ခြေသလုံး ခွေးကိုက်တာတဲ့ ဆရာ၊ Category 3(အရေးကြီးမှု အဆင့် ၃)ဖြစ်လို့ သည်ဘက် အရေးပေါ် အသက် ကယ်နေရတဲ့ အသည်းအသန်ရှော့ခ်နဲ့ လူနာတွေ များနေတဲ့အတွက် ခဏထိုင် စောင့်ခိုင်းထားတာ မိနစ်နှစ်ဆယ် မပြည့် သေးဘူး ဆရာ။ လူနာရော လူနာစောင့် ကပါ အရက်တွေမူးပြီး သူ့လူနာကို ဂရု မစိုက်လို့ သတ်မယ်ဖြတ် မယ်တိုင်မယ် တောမယ်နဲ့ ကြိမ်းနေကြ တာ၊ ဆရာတဲ့။”

” ငင့်၊ အာ့လိုဂျီးလား။ ဒါနဲ့ ဟိုဘက် က မျက်စောင်းခဲနေတဲ့ လူအုပ်စုကရော” ဆိုတော့
” ဟိုဘက်မှာ ဆရာဝန်နဲ့လည်း မပြချင်၊ အာထရာဆောင်း ကိုယ့်သဘောနဲ့ ကိုယ်ရိုက်ချင်လို့ဆိုတဲ့ လူနာတွေမို့ ဆရာနဲ့တွေ့ ပေးပြီ ;စမ်းပေးပါ့မယ်ဆိုပြီး စောင့်ခိုင်းထားတာ တအောင့်ပဲ ရှိသေး တယ်။ အဲအုပ်စုကလည်း စောင့်နေရကြာ လို့ မျက်စောင်းခဲနေကြတယ်ဆရာ။”

” ဟမ်။”
အာမေဋိတ်လေး ရေရွတ်မိချိန် သူနာပြု ဆရာမကြီးက မရပ်မနား ပြော ရှာတယ်။

” ဆရာရယ်၊ ဟိုးဆိုင်ကယ်တိုက် လာတဲ့ တစ်ဖက်က လူနာက အရက်မူးပြီး ကုတင်အောက်ဆင်းမယ် လုပ်နေလို့ ပြုတ်မကျအောင် ထိန်းရတာတမျိုး၊
တစ်ဖက်က အတိုက်ခံရတဲ့ အဘိုး ကြီးရဲ့သားတွေက သူ့အဖေကို တိုက် သွားတဲ့ အရက်သမား ငမူးလူနာကို အရေးပေါ်ဌာနထဲ ကုတင်ပေါ်မှာပဲ ဝင် ရိုက်မယ် တကဲကဲလုပ်နေလို့ ထိန်းနေရ တာက တစ်ဖုံ ၊ နှလုံးဖောက်ပြန်ပြီး ရှော့ခ် (Cardiogenic Shock) ရနေလို့ နှလုံး ထိန်းသိမ်းကြပ်မတ်စက်(Monitor) တွေ တပ်ထားရတဲ့ လူနာအဘွားအိုရဲ့ သား သမီးတွေက အားလုံး လူနာထားတဲ့ အခန်းထဲ ဝင်ခွင့်မရလို့ ပူညံပူညံ လုပ်နေ ကြတာ တစ်ကဏ္ဍ၊ ဆေးရုံလူနာ လာ ကြည့်ရင်းက စအိုက ထွက်ကျနေတဲ့ လိပ် ခေါင်းလမ်းကြုံပြချင်တယ်ဆိုလို့ ခွဲစိတ် ပြင်ပလူနာကြည့်တဲ့ရက် ပြန်ချိန်းတာ ဆေးရုံက ရက်တိုင်း အချိန်တိုင်း ကြည့် မပေးရကောင်းလား တိုင်မယ် တောမယ် လုပ်နေလို့ ရှင်းပြနေရတာ တစ်သွယ်။

ခွေးရူးပြန် ကာကွယ်ဆေးကုန်နေ ပြတ်နေလို့ တင်တောင်းတာ အချိန်မီမရ၊ မရ ခင်စပ်ကြား ဝယ်ထိုးရမယ် ပြောလို့ ပြောင်းလဲချိန်တန်ပြီ၊ သည်ဆေးရုံ မပြောင်း လဲသေးဘူးလား၊ တိုင်မယ် တောမယ် ပြောနေလို့ ရှင်းပြနေရတာကတစ် ကြောင်း၊ ဆရာရယ်၊ ကျွန်မတို့ ဘာဆက် လုပ်ကြရမလဲဟင်” တဲ့။
” သည်းခံလက်စ သည်းခံကြတာ ပေါ့ကွယ် ” လို့ပဲ လေသံတိုးလေးနဲ့ ပြောရင်း က တစ်ခုချင်း နည်းလမ်းပေါင်းစုံဖြင့် ချော့မော့ရင်း၊ ဖျောင်းဖျရင်း ပြေလည် အောင် ဖြေရှင်းကြရပြန်သည်။

ပြီးမှ ကိုယ့်အဖွဲ့တွေ ခဏနားတော့မှ အဟိ၊ ငါတို့တွေကကြေးမုံသတင်းစာမှာ ပါတဲ့ ဆရာဘိုးတင်ရဲ့ ဆောင်းပါးထဲက အင်္ဂလန်နိုင်ငံ၊ အထွေထွေ ဆေးကောင်စီ ရဲ့ ဆရာဝန် ဝတ္ထရားများကို လူအင်အား ပစ္စည်းအင်အား ဘာမှမပြည့်မစုံ ပြဿနာ ပေါင်းစုံကြားကနေ အသက်ကယ်နိုင် ကြ၊ လုပ်ဆောင်နိုင်ကြတဲ့၊ လာလာသမျှ ဝေနေယျတို့အပေါ် စေတနာပရပွနဲ့ အပြေလည်ဆုံးဖြစ်အောင် ဖြေရှင်းနိုင်ကြ တဲ့၊ စွမ်းရည်မြင့် စံနှုန်းနဲ့ အလကား ပဲတင်းနီး ပါးလစာ၊ အာမခံချက်မရှိ၊ ကိုယ်ဖြစ်ကိုယ်ခံ ခံစားခွင့်တွေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)ရဲ့ လုပ်ငန်းခွင် စံနှုန်း အလုပ်ချိန်စံနှုန်း အချိုးဖောက်ခံ အခိုင်းအစေခံနေရတဲ့ ခေတ်သစ် ကျွန် ပညာတတ်တွေ နိုင်ငံရေးမှာ အသုံးချ ခံရ ဇာတ်တွေနာအောင် အဆဲအဆို ခံရအောင် ပြည်သူတွေနဲ့ ထိုးအကျွေးခံ နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းဘ၀ တွေပါလားကွယ်၊ အဲနိုင်ငံဂျားကဆာဝံ (ဆရာဝန်)ကောင်တွေ သည်မှာသာ လာအလုပ်လုပ် ခိုင်းကြည့် တစ်မနက် တည်းတင် ကိုယ့်ကိုကိုယ် သတ်သေ သွားကြမယ့်အဖြစ်တွေမှာ ဝဋ် မကုန် သေးသမျှ ခံနေကြတဲ့ ငါတို့မို့လို့သာ ပေါ့”လို့ ရွဲ့ရင်း၊ မရှိတဲ့ ဂုဏ်လည်း ထုတ် ရင်း ပြောမိသပေါ့လေ။

ဆက်ပါဦးမယ်။

ကျမ်းကိုး။ ။
၂၀.၉.၁၇ ထုတ် ကြေးမုံသတင်းစာ စာ မျက်နှာ ၁၅၊ ပြည်သူ့သဘောထား အမြင် စင်မြင့် အခန်းကဏ္ဍပါ ဆောင်း ပါးရှင် ဘိုးထင်၏ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာ ဆောင်းပါး။