တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ အစိုးရ စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ရာပြည့်အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပညာရေးအသိုင်းအဝိုင်းထံမှသိရသည်။

စာသင်ကျောင်းများတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ၃ ဆင့် သတ်မှတ်ထားပြီး စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဟောပြောပွဲ ၊ ဆွေးနွေးပွဲ ကျပန်း စကားပြောပြိုင်ပွဲ၊ ဆောင်းပါး နှင့် ကဗျာ များနှင့် အခြားပြိုင်ပွဲများကို ရာပြည့်နေ့မတိုင်ခင် ကျင်းပသွားမည်ဟု ယင်းအသိုင်းအဝိုင်းထံမှသိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ်သတ်မှတ်ထားသော်လည်း မကျင်းပနိုင်ခဲ့ဘဲ ယင်းအခမ်းအနားကျင်းပရန် ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အထက်ပါ ခေါင်းစဉ်အသီးသီးဖြင့် စတင် ယှဉ်ပြိုင်လျက်ရှိသည်။
“ဗိုလ်ချုပ်ရာပြည့်နေ့မှာ ထူထူခြားခြား ဗိုလ်ချုပ်ရဲ့သမိုင်းတွေ သတ္တိတွေ တိုင်းပြည်နဲ့ လူမျိုးအပေါ်ချစ်တဲ့စိတ်တွေ ကလေးတွေရဲ့ရင်ထဲ ပထမအကြိမ်ထည့်သွင်းပေးရတာ အရမ်းပျော်တယ်”ဟု အလယ်တန်းပြကျောင်းဆရာမ တစ်ဦးက ဆိုသည်။
ဗိုလ်ချုပ် မွေးနေ့ ရာပြည့် အထိမ်းအမှတ်ပွဲတော်ကို စာသင်ကျောင်းများသာမက ရပ်ကွက်များရှိ ဝါသနာရှင်များလည်း ခေါင်းစဉ်အသီးသီးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်အလိုက် ပထမဦးဆုံးအကြိမ် ပြုလုပ်သွားမည်ဟု အုပ်ချုပ်ရေး အသိုင်း အဝိုင်းထံမှသိရသည်။