ကော့သောင်းတွင် ကျပ် ၈၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ

0
485
ဓာတ်ပုံ - CCDAC MYANMAR

ကော့သောင်းတွင် ကာလတန်ဖိုး ကျပ် ၈၅ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၈၅၀ ပြားဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ CCDAC MYANMAR ကထုတ်ပြန်သည်။

မူးယစ်ပူးပေါင်းရဲတပ်ဖွဲ့သည့် မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအနီး မော်တော်ယာဉ်များအားစစ်ဆေးစဉ် ကိုနေနိုင်ဦး(ခ)အာလီ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်၌ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

ထို့ကြောင့် ကိုနေနိုင်ဦး(ခ) အာလီ ကို ကော့သောင်းမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိဟု ထုတ်ပြန်ချက်ကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ မလေးရှား နိုင်ငံသို့ နိုင်ငံဖြတ်ကျော် ရောင်းဝယ်ရန်သယ်ဆောင်လာသည့် ကျပ်သိန်းပေါင်းလေးသိန်းကျော်တန်ဖိုးရှိ ရေခဲ(ခေါ်)အိုက်စ် တစ်တန်ကျော်ကိုလည်း ကော့သောင်းမြို့ ၏ အနောက်မြောက်ဘက် ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သေးသည်။

ကော့သောင်းတွင် ပြီးခဲ့သည့် တစ်နှစ်အတွင်း အိမ်ယာမဲ့သေဆုံးသူ ဆယ်ဦးအနက်က အများစုမှာ အရက်နှင့်မူးယစ်ဆေးစွဲ၍ သေဆုံးခဲ့ရကြောင်း ကော့သောင်းမြို့ခံပရဟိတ အဖွဲ့များထံမှစုံစမ်းသိရှိရသည်။