ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် လိင်တူထိမ်းမြားခွင့်ပြုသော ပထမဆုံးနိုင်ငံ ဖြစ်လာတော့မည်

0
413
ပုံစာ - လွှတ်တော်အတွင်း လိင်တူထိမ်းမြားခွင့်ဥပဒေကို အတည်ပြုပြီးနောက် အမတ်များ အောင်ပွဲခံနေစဉ် (Khaosod)

ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က ယမန်နေ့ (မတ် ၂၇) တွင် တခဲနက် ထောက်ခံအတည်ပြုခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်သည်။

အောက်လွှတ်တော်ကသာ အတည်ပြုထားသော လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမှာ အထက်လွှတ်တော်နှင့် ထိုင်းဘုရင်က အတည်ပြုရန် လိုအပ်နေသေးသည်။

ထိုင်းဘုရင်က အတည်ပြုပြီးပါက စတင်အသက်ဝင်မည်ဖြစ်ပြီး အာရှတွင် ထိုင်ဝမ်၊ နီပေါနိုင်ငံများနောက်တွင် တတိယမြောက်နိုင်ငံဖြစ်လာမည်ဖြစ်သည်။

လိင်တူချင်းထိမ်းမြားခွင့်ဥပဒေသည် ထိုင်းပါတီကြီးများအားလုံး၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ပြီး အမတ် ၄၁၅ ဦးတွင် ထောက်ခံမဲ ၄၀၀ အထိ ရရှိခဲ့ခြင်းဖြစ်သည်။

ဥပဒေအရ အမျိုးသား၊ အမျိုးသမီးကြား လက်ထပ်မှုဟု မသုံးစွဲတော့ဘဲ လူအချင်းချင်းကြား နှစ်ဦးသဘောတူ လက်ထပ်မှုဟု သုံးစွဲသွားမည်ဖြစ်သည်။

အသက် ၁၈ နှစ်ပြည့်သူတိုင်း မည်သူမဆို ထိမ်းမြားလက်ထပ်ခွင့် ရရှိမည်ဖြစ်ပြီး အိမ်ထောင်ရှိပြီးသားနှင့် လက်ထပ်ခွင့်ကို‌မူ တားမြစ်ထားသည်။

ယင်းကြောင့် ဥပဒေအရ LGBTQ+ စုံတွဲများအားလုံး အခွန်ဆောင်ခြင်း၊ အမွေဆက်ခံခြင်း၊ မသန်မစွမ်းဖြစ်မှုများအတွက် တစ်ဦးနှင့်တစ်ဦး ဆေးကုသပေးခွင့်များ တန်းတူရရှိလာမည်ဖြစ်သည်။

ဥပဒေအောက်တွင် လိင်တူထိမ်းမြားထားသူများလည်း ကလေးမွေးစားခွင့်များ ရရှိလာမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ခွဲခြားဆက်ဆံမှုများနှင့် လိင်စိတ်တိမ်းညွတ်သူများကို ကာကွယ်ပေးသော ဥပဒေက ရှိနှင့်ပြီးသားဖြစ်ပြီး ယခုအချိန်တွင် လိင်တူလက်ထပ်မှုကို အတည်ပြုနိုင်တော့မည်ဖြစ်သည်။

လိင်တူလက်ထပ်ခွင့်ရရှိရေး နှစ်ပေါင်းများစွာ နှိုးဆော်လာခဲ့ကြခြင်းဖြစ်ပြီး ယခင်နှစ်က အစိုးရက ပြုစုခဲ့သော စာရင်းများအရ လိင်တူလက်ထပ်ခွင့်ကို ထိုင်းပြည်သူ ၉၆ ရာခိုင်နှုန်းကျော်က လက်ခံထားသည်ဟု ဆိုသည်။

Ref: BBC, Bangkok Post