ဆန်စပါးဝယ်ယူရေး အစီအစဉ်ကြောင့် တရားရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ကို ထိုင်းအာဏာသိမ်း စစ်အစိုးရကောင်စီက ခရီးသွားလာခွင့် ငြင်းပယ်လိုက်သည်။

ယင်လပ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ဟောင်ကောင်သို့ ခရီးသွားခွင့် တင်ပြရာ တရားရင်ဆိုင်နေရသဖြင့် ခွင့်မပြုနိုင်ဟု ဆိုကာ ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမျိုးသား ကောင်စီ (NCPO) က ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
ခရီးသွားလာခွင့်တောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ကောင်စီအနေနှင့် ခရီးသွားလာလိုသည့် အကြောင်းအရင်း၊ တရားဥပဒေနှင့် ငြိစွန်းမှုတို့ အပါအဝင် အကြောင်းအချက်များစွာကို ထည့်သွင်း စဉ်းထားခဲ့ကြောင်း ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။
ယင်လပ်သည် သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံရန် ဟောင်ကောင်သို့ ခရီးသွားခွင့် တင်ခြင်းဖြစ်နိုင်ကြောင်း သတင်းစကားများ ပျံ့နှံ့နေသည်။
ထိုင်းစစ်တပ် ကြီးစိုးသော ပါလီမန်က ယင်လပ်ကို နိုင်ငံရေး လုပ်ခွင့် ငါးနှစ်ပိတ်ပင်ထားသည်။