ကော့သောင်းတွင် ရက်ဆက်လောင်ကျွမ်းနေသည့်တောမီး ငြှိမ်းသတ်နိုင်ပြီဟုဆို

0
2789

ကော့သောင်းမြို့ ၁၁၉၉ တောင်ကုန်းပေါ်တွင် ‌ငါးရက်ဆက်လောင်ကျွမ်းနေသည့် တောမီးအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်မှစပြီး လောင်ကျွမ်းနေသည့်တောမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ အချို့တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

တောင်ပေါ်သို့ မီးသတ်ယာဉ်များ တက်ရန် မလွယ်ကူခြင်း၊ ရေသယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် မီးသတ်ရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

“ဒါတောင် မီးခိုးငွေ့တွေ ကျန်သေးတယ်။ ဘယ်အချိန်ဘယ်နေရာက ထလာဦးမယ် မသိသေး။ အိမ်တွေနဲ့ နီးလာရင်တော့ မဖြစ်မနေကို တက်ရှင်းရတာပါ။ နှစ်စဉ်ဖြစ်နေကျပါ” ဟု ၎င်းက ပြောဆိုသည်။

မီးလောင်သည့် နေရာသည် ရပ်ကွက်အချို့တို့နှင့် နီးသဖြင့် နေအိမ်များအား ကူးစက်မှု မရှိအောင် ငြှိမ်းသတ်နေရခြင်းဖြစ်ကြောင်း မီးသတ်ရာတွင် ပါဝင်ကူညီနေသူတို့က ပြောသည်။

“တောမီးက နှစ်တိုင်းလောင်နေကျပဲ။ (အရင်က) အိမ်တွေဘက်ကူးတာမျိုး မရှိပါဘူး။ ဥယျာဉ်ခြံဘက်ကူးပြီး သီးနှံပင်အချို့ လောင်တာတော့ရှိတယ်” ဟု ကော့သောင်းမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တောမီးသည် နှစ်စဉ်ပွင့်လင်းရာသီ၌ လောင်ကျွမ်းလေ့ရှိပြီး အများဆုံး ခုနစ်ရက်ခန့်အထိ လောင်ကျွမ်းခဲ့ဖူးကြောင်း ဒေသခံတို့ထံမှ သိရသည်။