လူမှောင်ခိုပို့ဆောင်နေသည့် ပွဲစားကားများ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်ကြောင်းကြေညာ

0
3048

ထိုင်းနှင့် မလေးရှားနိုင်ငံကို လူမှောင်ခိုပို့ဆောင်နေသည့်ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေနှင့် သံတိုသံစဝယ်ယူနေသည့် သုံးဘီးယာဉ်များအားလုံး ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်လိုက်ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်) က ယနေ့(ဇန်နဝါရီ ၁၀) ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အရှေ့တောဒေသတွင် လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေအရ အဆိုပါလမ်းကြောင်း အသုံးပြုခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း မေတ္တာရပ်ခံ သတိပေးကြေညာခြင်းဖြစ်သည်။

ယင်းအပြင် အခြားယာဉ်များ ဖြတ်သန်းသွားလာခြင်းကိုလည်း မနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းကြရန်နှင့် အမိုးအကာများ ဖုံးအုပ်သွားလာခြင်း၊ အိမ်စီးကားများ မှန်တင်သွားလာခြင်း မပြုကြရန်လည်း အသိပေးကြေညာထားသည်။

ပကာရီကျေးရွာမှ ဝကုန်းကျေးရွာကြားတွင် အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း အသိပေးကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အထက်ပါ သတိပေးချက်များကို လေးစားလိုက်နာမှုမရှိဘဲ သွားလာသည့်ယာဉ်များအားလုံးကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထားဝယ်မြို့နယ်)-DDT ကလည်း အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေသဖြင့် ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြု သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာနေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် သွားလာနေသည့် ယာဉ်များကို စစ်ဆေးမှုများပြုလုပ်လျက်ရှိသလို မူးယစ်ဆေးဝါးနှင့် စစ်တပ်အားပေးထုတ်ကုန်များ သယ်ယူရောင်းချပါက ဖမ်းဆီး၊ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး မြို့နယ်တိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိသည်။