ထိုင်းမြောက်ပိုင်းတွင် ရွှေခိုးယူသွားသော ထိုင်းသူခိုးကို မြန်မာဘက်တွင်ဖမ်းမိ

0
2929

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ရွှေဆိုင်တစ်ဆိုင်မှ ရွှေခိုးယူခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသော ထိုင်းသူခိုးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။

ထိုင်းနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ တာချီလိတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ရဲစခန်းအနီးရှိ စဲလိဖန်းအမည်ရှိသော ရွှေဆိုင်အတွင်းသို့ ထိုင်းနိုင်ငံသားတစ်ဦး ရွှေဝယ်သမားပုံစံဖြင့် ဝင်ရောက်ပြီး ရွှေများပြခိုင်းခဲ့ကာ ဘတ် ၁၅၀၀၀၀ တန်ဖိုးရှိ ရွှေကြိုးကို အလစ်သုတ်ခိုးယူခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

ယင်းနောက် ၎င်းစီးလာသောဆိုင်ကယ်ဖြင့် ထွက်ပြေးလာခဲ့ကာ မြန်မာနိုင်ငံ တာချီလိတ်ဘက်ခြမ်းသို့ ရေကူး၍ ထွက်ပြေးသွားခဲ့သည်ကို လုံခြုံရေးကင်မရာ မှတ်တမ်းများမှတစ်ဆင့် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

သူခိုးကို ခြေရာခံရန် Thailand-Myanmar Border Cooperation (TBC) ရုံးမှတစ်ဆင့် အကြောင်းကြားခဲ့ပြီး မြန်မာ အာဏာပိုင်များအား ကူညီဖမ်းဆီးပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

အသက် ၃၄ နှစ်အရွယ် အဆိုပါထိုင်းသူခိုးသည် ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်တစ်လျှောက်တွင် ခိုးမှုများစွာ၊ မူးယစ်ဆေးဝါးအမှုများစွာဖြင့် ဖမ်းဆီးခံခဲ့ရဖူးသူဖြစ်သည်ဟု ဖော်ပြသည်။

ရွှေမခိုးမီကလည်း မြန်မာအကျဉ်းထောင်မှ လွတ်မြောက်ထားသူဖြစ်သည်ဟု ဆိုသည်။ မည်သည့် အကြောင်းအရင်းကြောင့် အကျဉ်းကျခဲ့သည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

၎င်းကို ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်တွင်လည်း တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါသူခိုးကို ထိုင်းနိုင်ငံဘက်သို့ ပြန်ပို့ပေးရန် တောင်းဆိုထားပြီး ခိုးယူထွက်ပြေးမှုနှင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်ရန် ကြိုးစားမှုတို့ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။