လောင်းလုံး ရှင်မော်လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး အဖမ်းခံရ

0
5751

လောင်းလုံး ရှင်မော်သွားလမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်နီမော်ကျေးရွာတွင် လူငယ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

အဖမ်းခံရသည့်အမျိုးသမီးမှာ အသက် ၂၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး လောင်းလုံးမြို့ဘက်သို့အလာ ကျောက်နီမော်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ဖုန်းကိုစစ်ပြီးတော့ဖမ်းသွားတာ။ ခေါင်းကိုအိပ်အမဲနဲ့စွပ်ပြီး ဖမ်းခေါ်သွားတယ်လို့ ပြောသံကြားရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ကျောက်နီမော်ကျေးရွာတွင် ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့က ဂိတ်ချပြီး လမ်းသွားလမ်းလာများကို စစ်ဆေးလေ့ရှိသည်။

ယင်းစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟောင်းများပြန်သွားပြီး တပ်ဖွဲ့ဝင်အသစ်များ ရောက်ရှိနေသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း ဒေသခံအချို့ကဆိုသည်။

အဖမ်းခံရသည့်အမျိုးသမီးကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးကြောင်းနှင့် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။

အောက်တိုဘာလ ၇ ရက်ညနေ ၆ နာရီခန့်က စစ်ကောင်စီကားနှစ်စီးခန့် လောင်းလုံးမြို့ဘက်မှ ကျောက်နီမော်ကျေးရွာဘက်သို့ ဆင်းသွားသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း လှုပ်ရှားနေသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် DDT တပ်ခွဲ ၃ တို့ကမူ အောက်တိုဘာလ ၉ ရက်မှစပြီး ထားဝယ်-ရှင်မော်လမ်းအား ည ၈ နာရီမှ မနက် ၃ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

ယင်းအပြင် အလှူပွဲ၊ မင်္ဂလာဆောင်၊ ပျော်ပွဲရွှင်ပွဲများနှင့် လောင်းကစားဝိုင်းများ မပြုလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။