ထားဝယ်တွင် ပလတ်စတစ်မီးပုံးပျံများ ရောင်းအားကျ

0
4504

သီတင်းကျွတ်ကာလတွင် ရောင်းအားကောင်းလေ့ရှိသည့် ပလတ်စတစ်မီးပုံးပျံများမှာ ယခုနှစ်တွင် ရောင်းအားကျဆင်းနေကြောင်း ထားဝယ်မြို့ပေါ်ရှိ ယင်းပစ္စည်း ရောင်းချသူများထံမှ သိရသည်။

ပြီးခဲ့သည့်ကိုဗစ်မတိုင်ခင်ကာလက ယခုလိုပွင့်လင်းရာသီမျိုးတွင် အဆိုပါ ပလတ်စတစ်မီးပုံးပျံများ အရောင်းသွက်လျက်ရှိပြီး ယခင်က အလုံးရေ ငါးရာမှ တစ်ထောင်ခန့်အထိ ရောင်းချ နေရာမှ ယခုနှစ်တွင် တစ်ရာအောက်သာ ရောင်းချရသည်ဟု အဆိုပါမီးပုံငယ် ရောင်းသည့်အမျိုးသမီးတစ်ဦးကပြောသည်။

“မနှစ်ကဆို သီတင်းကျွတ်မတိုင်ခင်မှာ အလုံးရေ လေးရာလောက် ရောင်းရပြီးပြီ ဒီနှစ်က တော့ အလုံးရေ ခြောက်ဆယ်လောက်ဘဲ့ ရောင်းချရသေးတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

ယခင်နှစ်များက ကုန်စုံဆိုင်များတွင် ဆိုင်တင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ် တွင် အွန်လိုင်းမှသာ ရောင်းချနေသည်ကို အများဆုံးတွေ့ရသည်ဟု ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

“ဒီနှစ်ဝယ်မရောင်းတော့ဘူး ကလေးတွေကတော့ ပလတ်စတစ်အိတ်တွေ ဝယ်ဝယ်ပြီး မီးပုံးလုပ်နေကြတာပဲ”ဟု ၎င်းကပြောသည်။

ယခင်က သီတင်းကျွတ်ကာလ ဆိုလျှင် ထားဝယ်ဒေသတွင် ရိုးရာဓလေ့ပျော်ပွဲရွှင်ပွဲများ ဘာသာရေးပွဲများကို ကျေးရွာအလိုက် ကျင်းပလေ့ရှိကြသည်။

ယင်းပွဲများတွင် လူငယ်များစုပေါင်း၍ မီးပုံးပျံငယ်များ အလုံးသုံးဆယ်ခန့်မှ အလုံးငါးဆယ်ခန့်အထိ စုပေါင်းလွှတ်တင်လေ့ရှိကြရာ ယခုနှစ်တွင် အဆိုပါပွဲများ မကျင်းပတော့သည့်အတွက် မီးပုံးပျံလွှတ်ဖြစ်မည်မဟုတ်တော့ ဟု ရေဖြူမြို့နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက အရင်ကလို ပွဲလမ်းသဘင်တွေ မကျင်းပတော့လေ အဲဒါမျိုးတွေ မလွှတ်ဖြစ်တော့ဘူး။ အရင်ကဆိုရင် ကျွန်မတို့ရွာအလိုက် ပရဟိတအသင်းက လူငယ်တွေစုပြီး သတင်းကျွတ်လပြည့်နေဆို မီးပုံးပျံတွေ လွှတ်ကြတယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် သီတင်းကျွတ်ကာလမှ တန်ဆောင်မုန်းလပြည့်နေ့အထိ မီးထွန်းပွဲ ကထိန်ပွဲများတွင် မီးပုံးပျံလွှတ်ပွဲများ ကျင်းပလေ့ရှိသည်။

ကလေးသူငယ်များ မုန့်ဖိုးစုပြီး ပလတ်စတစ်အိတ်ဝယ်၍ မီးပုံးပြုလုပ်ပြီး လွှတ်တင်ကြသလို ကထိန်အလှူရှင်များကလည်း ကထိန်ပွဲတွင် လွှတ်တင်ရန် လူငယ်များကို ငွေပေး၍ မီးပုံးပျံပြုလုပ်ခိုင်းလေ့ရှိကြသည်။

အဆိုပါမီးပုံးပျံငယ်များ၏အရွယ်အစားမှာ တစ်ပေခွဲမှ သုံးပေအထိရှိပြီး မီးပုံပျံငယ်၏ထိပ်ဝတွင် မီးစာပါရှိ၍ မီးညှိပြီးအလွယ်တစ်ကူလွှတ်တင်နိုင်သည်။

လက်ရှိ ထားဝယ်လက်လီလက်ကားဈေးကွက်တွင် မီးပုံးပျံတစ်လုံးလျှင် အသေးအကြီးလိုက်၍ တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်အထိ ပေးဝယ်ရသည်ဟု မီးပုံးပျံဈေးကွက်မှစုံစမ်းသိရှိရသည်။