ရာသီဆိုးထဲမှာ ခဏလေး ဆိုပြီး

0
595

တကယ်က သူ့အလုပ်သူလုပ်သွားတယ်။ သူ့အလုပ်ကိုက ပြည်သူတွေ သတင်းအချက်အလက် သိပိုင်ခွင့်အတွက် ဝန်ဆောင်မှု။ လူတွေက နိစ္စဓူဝကိစ္စရပ်တွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ သတင်းတွေသိရတယ်၊ အဖြစ်အပျက်တွေကို နားလည်ရတယ်။ အနာဂတ်ကို တွက်နိုင်ရတယ်။ အဲဒီအတွက် သူ့အလုပ်သူလုပ်နေတဲ့ သတင်းထောက်တစ်ယောက်၊ ကလောင်တံတစ်ချောင်း။ သတင်းထောက် ဖြိုးဇင်(ထားဝယ်) စောစီးစွာ ကြွေလွင့်သွားခဲ့ပါပြီ။

သတင်းသမားအဖြစ်နဲ့ ၉ နှစ်ကျော် လုပ်ကိုင်ရင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်သုံးခုကို ထိန်းညှိထောက်ပြခဲ့သူပါ။ ဖြိုးဇင်(ထားဝယ်) ကလောင်နဲ့ လှုပ်ရှားဖြတ်သန်းလာတဲ့ ကာလအတောအတွင်း ချစ်ခင်လေးစားသူ၊ မုန်းသူ ၊ ဥပေက္ခာထားသူ အားလုံးကို သူကျောခိုင်းသွားလေပြီ။

ဒီမိုကရေစီ အကူးအပြောင်းကာလ၊ ညီအစ်ကို မသိတသိနဲ့ စမ်းတဝါးဝါး၊ လေကြမ်းကြမ်း ကာလ၊ ပန်းတို့မပွင့်နိုင်သေး၊ ဘယ်အချိန်ပွင့်မလဲ မသိနိုင်သေး၊ မမှန်းနိုင်သေးတဲ့ အခိုက်အတန့်။ ရာသီဆိုးထဲမှာ ခဏလေးဆိုပြီး ခရီးဝေးထွက်သွားလေပြီ။ သူ့အတွက် အမှတ်တရ စကားတွေကို တနင်္သာရီအပတ်စဉ်က မှတ်တမ်းတင်လိုက်ပါတယ်။

ကိုဖြိုးဇင်သူရအောင်(ခ)ဖြိုးဇင် အသက် (၂၈)နှစ် Eleven Media သတင်းထောက် ရုတ်တရက် ကွယ်လွန်သွားကြောင်းသိရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကောင်းရာသုဂတိလားပါစေ ညီလေးရေ။
ဦးမြင့်မောင်(တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်)

ဆရာ့တပည့်အရင်းပါကွာ၊ ရဲဘော်ရဲဘက်ဆိုလည်း ဟုတ်တယ်ပေါ့နော်။ ဆရာတို့ရင်ဆိုင်ခဲ့တာ လမ်းပေါ်အတူတူလျှောက်ခဲ့တာ တစ်ယောက်လျော့သွားတာပေါ့ကွာ။ မင်းတော့တာဝန်ကျေတယ်။ သွားနှင့်။ နောက်ကို ငါတို့လိုက်မယ်။
ဆရာဇော် (စိတ်ပညာ)

သတင်းကိုချစ်မြတ်နိုးသူ၊ သတင်းလောဘကြီးသူ၊ သတင်းကို ရေဆုံးရေဖျားလိုက်တတ်သူ၊ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ သိထားပေမဲ့ ကျင့်ဝတ်စောင့်စည်းမှုကြောင့် အထင်လွဲခံ ရသူ။ သတင်းသမားပီသတဲ့ သတင်းသမားတစ်ဦး ဆုံးရှုံးလိုက်ရတာ။
ဖိုးဇော်(ထားဝယ်)

ကိုဖြိုးဇင် . . .
တနင်္သာရီတိုင်းမှာ သတင်းသမားရှားတယ်လေဗျာ။ သတင်းသမား ရှားတယ်ဗျ။ သတင်းသမား ရှားတယ်။
ဟန်ထက်

ဖြိုးဇင်လို တက်ကြွတဲ့၊ တာဝန်ကျေတဲ့ လူငယ်ဂျာနယ်လစ်တစ်ဦး အခုလို မထင်မှတ်ဘဲ တိမ်းပါးသွားတာဟာ ကျွန်တော်တို့ ဒေသအတွက် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို တန်ဖိုးထားသူတစ်ယောက်အနေနဲ့ ဝေဖန်မှုတွေ ထိုးနှက်မှုတွေကို သူများထက် ပိုခံခဲ့ရပေမဲ့ သူ့ယုံကြည်ချက်ကို ဘယ်တော့မှ မလွှတ်ချခဲ့တာကိုက သူ့ကို ကျွန်တော်တို့ အမြဲလေးစား အမှတ်ရနေစေမဲ့ တန်ဖိုးပဲ ဖြစ်ပါတယ်။
သန့်ဇင်(DDA)

လူချင်းတစ်ခါမှမဆုံဖူးခဲ့ပေမယ့် ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် သတင်းသမားတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့သူလို့ မြင်ပါတယ်။ မမျှော်လင့်ဘဲ ရုတ်တရက် ထွက်ခွာသွားလို့နှမျောမိတယ်။ ကိုဖြိုးဇင် ကောင်းရာဘုံဘဝရပါစေ။
အေဒီသစ်

ဒီမိုကရေစီစနစ်ရဲ့ သတင်းသမားစံနှုန်းနဲ့ ကိုက်ညီတဲ့ ရဲရဲတောက် ဘက်မလိုက်သတင်းသမားတစ်ယောက်၊ ဒေသအတွက် ရှိကိုရှိ‌နေသင့်တဲ့ သတင်းသမားတစ်ယောက် ဆုံရှုံးရတဲ့အတွက် အလွန်စိတ်‌ မကောင်းဖြစ်မိတယ်။ သူ့ကိုတိုက်ခိုက်နေသူတွေကို အပြုံးနဲ့သူ ရင်ဆိုင်ပြခဲ့သူပါ။ အမည်နဲ့ ဂုဏ်မသေတဲ့ သတင်းသမားတစ်ယောက်အဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
ကိုသန်းဝင်း(လူအခွင့်အရေးစောင့်ကြည့်အဖွဲ့)

တနင်္သာရီတိုင်းဒေသကြီး သတင်းလောကအတွက် အားထားရတဲ့ လူငယ်တစ်ဦး အချိန်မတိုင်မီ ဆုံးရှုံးသွားခြင်းဟာ ဒေသအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။
ဦးကျော်ကျော်ဦး(ဥက္ကဋ္ဌ တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

Eleven Media မှာ ၈နှစ်ကျော် အတူလက်တွဲပြီးအလုပ်လုပ်လာခဲ့တာပါ။ မဟုတ်မခံစိတ်ဓာတ်နဲ့တက်ကြွတဲ့ သူ့ရဲ့စိတ်ဓာတ်ကို အသိအမှတ်ပြုခဲ့ရတယ်။ သတင်းနဲ့ပတ်သက်လာရင် ကြိုးစားပြီးရဲရင့်တဲ့ လူငယ်သတင်းထောက်တစ်ဦးပါ။ အသက် ၂၈ နှစ်နဲ့ ဒီလိုမျိုးဖြစ်သွားတာ အရမ်းစိတ်မကောင်းဖြစ်ရသလို နှမြောတသဖြစ်ရပါတယ်။ Eleven Media Group ရဲ့ဥက္ကဋ္ဌနဲ့ အယ်ဒီတာတွေလည်း သူ့ရဲ့ သတင်းကိုကြားသိရတာနဲ့ အတော်လေးဝမ်းနည်းနေကြပါတယ်။ ကူညီဆောင်ရွက်မှုတွေလည်းလုပ်နေပါတယ်။ သတင်းထောက်ရှားပါးတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွက်လည်း ဆုံးရှုံးမှုတစ်ခုပါပဲ။ ကျွန်တော့်အတွက် ညီလေးတစ်ယောက် ဆုံးရှုံးသလို ဖြစ်ခဲ့ရပါပြီ။ မိသားစုနဲ့ အတူထပ်တူဝမ်းနည်းရပါတယ်။
ကိုဇော်မိုးဦး(Eleven Media)

နေ့တိုင်းလိုလို မနက်၊ နေ့ခင်း၊ ညနေ၊ ည အချိန်မရွေးဘဲ သူ ရောက်ရောက်လာတတ်တယ်။ ညရောက်ပြီဆိုရင်လည်း အိတ်တွေ၊ အထုပ်တွေ၊ ပုံးတွေဆွဲလို့ ချက်စရာ၊ ပြုတ်စရာတွေအပြည့်အစုံသယ်လာတယ်။ ကြော်လှော်ချက်ပြုတ်၊ စားသောက်၊ စကားဝိုင်းဖွဲ့၊ ပြီးရင် ညအိပ်တယ်။ မနက်ကျ သူများတွေ မနိုးခင်မှာ စောစောထပြီးပြန်သွား။ ဒီလို့နဲပဲ ကိုဗစ်ကာလ နေ့ညပေါင်း များစွာ။ အဲဒီနေ့မနက်ကလည်း အိပ်ရာနိုးတော့ လွယ်နေကျအိတ်ကလေး လွယ်ပြီး သူ ပြန်သွားတယ်။ ဘာလို့မှန်း မသိ၊ ညဘက်ကျ ရောက်မလာခဲ့ဘူး။ မနက်လင်းတော့မှ ညက သူဆုံးသွားပြီဆိုတာကို ကြားရတယ်။ တနင်္သာရီတိုင်းအတွက် အားကောင်းတဲ့ မီဒီယာသမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါပဲ။
အောင်မျိုးထက်

ဟိန္နားသတ္တုတွင်း ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ အမှုတွေကစလို့ တရားရုံးမှာမျက်မှန်းတန်းမိခဲ့သော သတင်းထောက်တစ်ဦး။ ဘန်းချောင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် ဒေသခံတွေထိခိုက်မှု ဖြစ်တော့လည်း သတင်းရေးဖို့ အချက်အလက်တွေ လာမေးရင်း ထပ်တွေ့ဖူး။ ဒေသအတွင်း လယ်ယာမြေသိမ်းဆည်းခံရတဲ့ အမှုတွေဆိုလည်း သတင်းလာယူရင်း ဒေသအတွင်း မတရားတဲ့အမှုတွေကြားမိ တွေ့မိတိုင်း ဥပဒေကြောင်းအရ မေးမြန်းတတ်သည့်သူ။
လူငယ်သတင်းထောက်။ ဒေသအတွက် မတရားမှုတွေ တွေ့တိုင်းသတင်းယူရင်း မခံချိမခံသာ မြည်တွန်တတ်သူ။ တရားမျှတမှုတွေအတွက် ကလောင်တံတစ်လက်နှင့် တိုက်ပွဲဝင်မည့် ဂျာနယ်လစ်တစ်ယောက်။ အကြွေစောလွန်းလို့ နှမြောမိပါတယ်။
အေးမွန်သူ(တရားလွှတ်တော်ရှေ့နေ၊ Dawei Probono Lawyer Network)

မှန်ကန်တယ်၊ သတ္တိရှိတယ်၊ ကြိုးစားတယ် ဆိုတာထက်- သာလွန်တဲ့ သတင်းသမား “ညီလေးဖြိုးဇင်”၊ အချိန်မတန်မီ ကြွေလွင့် သွားစေတဲ့ ၁ (တစ်)တွေအများကြီးပါတဲ့။ အဲဒီအချိန်အခိုက်အတန့်ကို ဗီဒီယိုဇာတ်ကားထဲမှာလို ကျော်လိုက်လို့ရရင် ကျော်ပေးကြပါ။
အောင်ဇာနည်စိုး(တရားလွှတ်တော်ရှေ့နေ)

ကိုဖြိုးဇင် . . .
သတင်းနဲ့ပတ်သက်ရင် ဘက်မလိုက်ဘဲ ရေးတတ်တဲ့သူ။ တိုင်းအစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သူ။ သူလိုလူ တကယ်တော့ ကြွေချိန်မတန်သေးဘူး။ ဒေသအတွက်ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဝမ်းနည်းမိပါတယ် ကိုဖြိုးဇင်ရေ။
ကိုဆန်း(တနင်္သာရီ အပတ်စဉ်)

သတင်းသမားတွေ အရမ်းနည်းပါးတဲ့ တနင်္သာရီတိုင်းမှာ ရပ်တည်ချက် မှန်မှန်ကန်ကန်နဲ့ လူထုမျက်နှာ တစ်ခုတည်းသာကြည့်ပြီး သတင်းတွေ ရေးသားတင်ဆက်နေတဲ့ ကိုဖြိုးဇင်တစ်ယောက် အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့အတွက် အားလုံးနဲ့အတူ ဝမ်းနည်းမိပါတယ်။ တာဝန်ကျေတယ်ဆိုတာထက်ပိုအောင် တာဝန်ယူပြီး သတင်းတွေရေးသားခဲ့တဲ့ခင်ဗျားကို ကျွန်တော်တို့တွေ အမြဲသတိရနေမှာပါ။
အောင်ကျော်(DVB)

တိုင်းအစိုးရကို အမြဲတမ်း တဂျီဂျီပြောတတ်တဲ့အကျင့်က သူမှာရှိတယ်။ အခုတော့ သူမရှိတော့ဘူး။ ကိုဖြိုးဇင်ရေ ခင်ဗျားသွားတာ မယုံနိုင်ဘူး။ နောက် ၅ နှစ်မှာ ပြောမယ့်သူမရှိတော့ဘူး။
ဇော်ဇော်(Mizzima)

ပြည်သူသိပိုင်ခွင့်အတွက် အမြဲတမ်းတတွဲတွဲနဲ့ လက်တွဲခဲ့တဲ့ ရဲဘော် ရဲဘက်ကြီး။ အတိုက်အခိုက်ကင်းပြီး မီဒီယာဆိုတာကို သဘောပေါက် လက်ခံနိုင်တဲ့ နိုင်ငံမှာပဲ ရဲဘော်ကြီး လူပြန်ဖြစ်စေချင်တယ်။ သတင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆိုးတူကောင်းဘက် တိုက်ပွဲဝင်ခဲ့တဲ့အချိန်တွေကို အမြဲတမ်းအမှတ်ရ ဦးညွှတ်နေမှာပါ။
ကိုဇော်(တနင်္သာရီအပတ်စဉ်)

မောင်လေးဖြိုးဇင်ရေ
ရုတ်တရက် နှုတ်ဆက်သွားလို့ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ တိုင်းအတွင်းက ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက် ကလောင်လက်တစ်စုံဟာ တာဝန်ကျေခဲ့ပါတယ်။ စိတ်ထားကောင်းပေမယ့် အကြွေစောခဲ့ရတဲ့ မောင်လေးဖြိုးဇင်တယောက် ကောင်းရာ သုဂတိလားပါစေ။ လေးစားချစ်ခင်စွာဖြင့် ထာဝရ သတိရနေပါမယ်။
မိုးမြင့်(တနင်္သာရီအပတ်စဉ်)

“အစ်ကို ကျွန်တော်သတင်းထောက်လုပ်ချင်တယ်ဗျာလို့ သူ့ကိုသွားပြောတော့ ကောင်းတာပေါ့ကွာတဲ့၊ ထားဝယ်မှာ သတင်းထောက် အင်အားတိုးတာပေါ့” တဲ့။
အခုတော့ ကျွန်တော်ကိုသတင်းလောကထဲမှာ ထားခဲ့ပြီးတော့ ပြန်မလာနိုင်တဲ့လမ်း သူထွက်သွားခဲ့လေပြီ။ ဒါပေမယ့် ဖြိုးဇင် (ထားဝယ်) ဆိုတဲ့ကလောင်ကတော့ ရင်ထဲမှာ ထင်ကျန်နေခဲ့ပါတယ်။
ကျော်သူစိုး(တနင်္သာရီအပတ်စဉ်)

Eleven Media ရဲ့ ထားဝယ်မြို့အခြေစိုက် သတင်းထောက် ကိုဖြိုးဇင် မထင်မှတ်ထားတဲ့အချိန်မှာ လူ့လောကမှ ထွက်ခွာသွားတာ သိရတဲ့အတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရသလို လုပ်ဖော်ကိုင်ဖက်တွေထဲက အရည်အချင်းရှိတဲ့ လူကောင်းတစ်ယောက် ဆုံးရှုံးရတဲ့အတွက် နှမြောတမ်းတ များစွာစိတ်မကောင်းဖြစ်ရပါတယ်။
မျိုးမြင့်ဦး(တနင်္သာရီအပတ်စဉ်)

ဦးနှောက်နဲ့နှလုံးသားကို အတွဲညီညီပေါင်းစပ်၊ စေတနာကောင်းနဲ့ မီဒီယာသမား။ တစ်ပတ်မလည်သေးတဲ့ တစ်ဖက်ပိတ်တွေအကြား၊ ဖိအားတွေကြောင့် နင်ထွက်သွားရတယ်။ မပြီးဆုံးသေးတဲ့ အမှန်တရားအတွက်လမ်း၊ မင်းအတွက်ငါတို့ဆက်လျှောက်နေဦးမယ်။
ငြိမ်းချမ်းပါစေ သူငယ်ချင်း။
အောင်လွင်(ကံပေါက်သား)

ခပ်ပြင်းပြင်း လေနီကြမ်းတွေအောက်မှာ ရဲရဲပြတ်ပြတ် ထွန်းလင်းခဲ့တဲ့ ဒီမိုကရေစီ အောက်စီဂျင်။ အခုတော့ ခင်ဗျားဘာကိုမှ သက်သေပြစရာ မလိုတော့ဘူး။ တုံ့ပြန်ရှင်းပြ နေစရာလည်း မလိုတော့ဘူး။ နားပြီ။
ခွန်းသု

တနင်္သာရီတိုင်းအတွင်း စတုတ္ထမဏ္ဍိုင်အတွက် တာဝန်ကျေပွန်တဲ့ လူငယ်တစ်ယောက်ဆုံးရှုံးရလေပြီ။ တိုင်းပြည်ရဲ့ အနာဂတ်သာယာ လှပဖို့ နိုင်ငံ့အရေးမတိမ်းစောင်းရလေအောင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြပေးတဲ့ လူငယ် လူတော်တစ်ယောက် ယခုလို မမျှော်လင့်ဘဲ ဘဝတစ်ပါးသို့ကူးပြောင်းသွားတာ စိတ်မကောင်းဖြစ်ရပါတယ်။
ကိုကျော်နိုင်ဦး(သတင်းထောက်၊ မြဝတီသတင်းစာ)