ဒီအရိပ်ကြီးကို ထိုးဖောက်ဖို့က မလွယ်ဘူး

0
586
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က နိုင်ငံတစ်ဝန်းတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း ရာနှုန်းပြည့် နိုင်ခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အစိုးရအပေါ် ဝေဖန်မှု၊ အားမရမှုများ ရှိနေသော်လည်း ယခုရွေးကောက်ပွဲ ရလဒ်များကမူ NLDအပေါ် လူထုထောက်ခံမှုသည် ၂၀၁၅ ခုနှစ်ကထက်ပင် ပိုများလာသည်ကို ဖော်ပြနေသည်။
ယခုကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရရှိသွားမှုအပေါ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးလေ့လာသူများအား ဆက်သွယ်မေးမြန်းထားသည်တို့အနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးဥက္ကာမင်း

(NLD ပါတီ၊ လက်ရှိကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ယခုရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် မြိတ်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သူ)

TNTY- ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLDပါတီက ဘာကြောင့်အနိုင်ရရှိခဲ့တာလဲ။

UOKM- ရွေးကောက်ပွဲမှာ NLDဘာကြောင့် အနိုင်ရသွားလဲဆိုတော့ ပြည်သူက ပါတီကို အပြည့်အဝယုံကြည်တယ်။ အမေဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ အပြည့်အဝထောက်ခံကြတဲ့အတွက် အနိုင်ရရှိသွားတာ ဖြစ်တယ်။

TNTY- လွှတ်တော်ထဲရောက်ရင် အရေးတကြီး ဘာတွေလုပ်သွားဖို့ ရှိလဲ။

UOKM- ပထမဆုံးတော့ ဥပဒေပြုရမယ့် အပိုင်းတွေကို ကျွန်တော်တို့ စလုပ်ရမယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းဥပဒေပိုင်းတွေ၊ ဥပဒေမူကြမ်းတွေကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ရေးဆွဲသွားမယ့် လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီးတော့ ဆောင်ရွက်သွားမယ်။ ပြီးတော့ ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြမ်းတစ်ခုကိုလည်း ပြင်ဆင်ဆောင်ရွက်သွားမယ်။ နောက်ပြီး မြို့ပြနဲ့ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာလည်း အဓိကအခြေခံအဆောက်အဦဖြစ်တဲ့ လမ်းတံတား၊ ရေမီး စသဖြင့်ပေါ့ အခြေခံလုပ်ငန်းအတွက် လိုအပ်နေတဲ့အဆောက်အဦတွေကို လိုအပ်တဲ့ဒေသအတွက် အတတ်နိုင်ဆုံး တောင်းဆို သွားမယ်။

TNTY- ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာတွေမှတ်ချက်ပေးချင်တာမျိုး ရှိလဲ။

UOKM- ထူးခြားတာက ဒီရွေးကောက်ပွဲက အားလုံးလည်း သိတဲ့အတိုင်းပဲ စည်းရုံးရေး သိပ်မဆင်းလိုက်ရဘူး။ ကိုဗစ်ကာလဖြစ်နေတဲ့အချိန် မှာ ပြည်သူကပဲ စည်းရုံးရေးဆင်းပြီး ပြည်သူကပဲ မဲပေးဆောင်သွားကြတယ်။ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ အစအဆုံး ပြည်သူကပဲ ထိန်းကျောင်းသွားတာ။ ပြည်သူကပဲ ဦးဆောင်သွားတာ။ ဒါကြောင့်မို့လို့ ခုနောက်ပိုင်း လုပ်ငန်းစဉ်တွေ နဲ့ပတ်သက်ပြီး ငါးနှစ်တာအတွင်းမှာ ပြည်သူကပဲ လက်ရှိမြို့နယ်တိုင်းမှာ ဖြစ်လာမဲ့ လွတ်တော် ကိုယ်စားလှယ်တွေကို ဆက်လက်ပြီးတော့ ဝန်းရံ ထိန်းကျောင်းပေးသွားပါလို့ ကျွန်တော်တို့က တိုက်တွန်းချင်ပါတယ်။


ဦးခင်မောင်သန်း

(တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၂ မှ ပြည်သူ့ပါတီ (PP)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ)

TNTY- ရွေးကောက်ပွဲမှာ NLD ပါတီက ဘာကြောင့် အပြတ်အသတ်နိုင်သွားတာလို့ ထင်လဲ။

UKMT- ဒါကတော့ရှင်းတယ်။ ပြည်သူတွေ က ဒေါ်စုကို ချစ်လို့ မဲနိုင်သွားတာ။ တကယ်တမ်း ပြောရရင် ငါးနှစ်အတွင်း အစိုးရရော၊ ကိုယ်စားလှယ်ပါ ပြည်သူအတွက် ဖြစ်ဖြစ်မြောက်မြောက် သိပ်မလုပ်နိုင်ခဲ့ဘူး။

TNTY – NLDမဟုတ်တဲ့ တခြားပါတီတွေ ဘာကြောင့် မဲရှုံးရတယ်လို့ ထင်လဲ။

UKMT- ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါက သိပ်ကြီးနေတယ်။ သူ့ရဲ့မေတ္တာရိပ်ကြီးက တစ်ပြည်လုံးကို ဖုံးလွှမ်းထားတယ်။ ဒီအရိပ်ကြီးကို ထိုးဖောက်ဖို့က မလွယ်ဘူး။ ဒါကြောင့်မို့လည်း ပါတီတွေ ရှုံးနိမ့်ရ တာ။ သူ့ခေတ်လွန် နောက်ပိုင်းဆိုရင်တော့ ပြောင်းလဲသွားမယ်။ နဲနဲလုပ်ရပိုလွယ်လာမယ် လို့တော့ ထင်တာပဲ။

TNTY- ရှုံးနိမ့်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ဘာတွေဆက်လုပ်သွား ဖို့ရှိလဲ။ ဒါနဲ့ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။

UKMT- အရှုံးအနိုင်က အဓိကမဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ တိုင်းပြည်အပေါ်မှာ လိုအပ်နေတဲ့ အခန်းကဏ္ဍအပေါ် လိုအပ်ရင်လိုအပ်သလို အစိုးရကို ပြောဆိုဖို့အတွက်တော့ ပြည်သူနဲ့အတူ ဆက်လက်ရပ်တည်နေဦးမှာပဲ။


ဦးထွန်းထွန်းဦး

(မြိတ်မြို့မှ နိုင်ငံ့အရေး လေ့လာသူ)

TNTY- အခုပြီးသွားတဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် ဘာတွေသုံးသပ်ချင်တာမျိုးရှိလဲ။

UTTO- လေ့လာမိသလောက် ပြိုင်ဖက်ပါတီတွေက ငါးနှစ်သက်တမ်းမှာ ဘာတစ်ခုမှ အလုပ်လုပ်ခဲ့တာမရှိဘူး။ ပြည်သူတွေရဲ့ နှလုံးသားကို မဆုပ်ကိုင်နိုင်ခဲ့ဘူး။

ပါတီတွေက ရမှလုပ်ပေးမယ် ဆိုတာကများတယ်။ နိုင်ငံမြို့ရွာဒေသအတွက် တကယ်လုပ်ပေးချင်တဲ့ ဆန္ဒရှိရင် ရသည်ဖြစ်စေ မရသည်ဖြစ်စေ တတ်နိုင်သလောက် ပြည်သူ့အကျိုးငှါ လုပ်ပေးရင် ပြည်သူနှလုံးသားကို အနည်းနဲ့အများ ဆုပ်ကိုင် နိုင်မှာပဲ။

ပြီးတော့ ဒါတွေချပြနိုင်ရင် ပြည်သူတွေကလည်း စဉ်းစားကောင်း စဉ်းစားလာနိုင်တယ်။ အခု ငါးနှစ်သက်တမ်းမှာ အပြုသဘောပဲပြောတယ်။ တချို့ပါတီတွေဆို ပြောတောင်မပြောဘူး။ ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး နေနေကြတယ်။ တွေ့ဆုံပွဲတွေမှာ ပြည်သူအတွက် အမုန်းခံပြီး လာပြောဖို့မပြောနဲ့။ သွားဖိတ်တာတောင် မလာကြဘူး။ ဒါကြောင့် မဲမရတာ အဆန်းတော့မဟုတ်ဘူး။

ခု NLDပါတီအစိုးရဖြစ်လာတယ်။ ထင်သာမြင်သာတဲ့ လမ်းတံတားတွေ လုပ်ပေးတယ်။ ကျောင်းအပ်တဲ့ကိစ္စမှာ ငွေမပေးရတော့ဘူး။ ကိုဗစ် ကာလမှာ ထောက်ပံ့မူတွေ၊ အသက်ကြီးရွယ်အို ထောက်ပံ့မှုတွေ တတ်နိုင်သလောက်လုပ်ပေးနေတာက အောက်ခြေမှာနေတဲ့ ပြည်သူတွေ မျက်မြင်ပဲ။

အရင်အစိုးရထက် အများကြီးကောင်းလာတယ်။ အများကြီး တိုးတက်လာတယ်။ တစ်ဖက် ပါတီတွေက ငုတ်တုတ်ထိုင်ပြီး အစိုးရကို အဖျင်းပြောတာလောက်ပဲ လုပ်နေတယ်ဆိုတော့ ပြည်သူတွေက လက်တွေ့ တတ်နိုင်သလောက် လုပ်ပေးနေတဲ့ ဒီပါတီကိုပဲ ပုံအောပြီး မဲထည့်လိုက်တာ မဆန်းပါဘူး။