စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် ပျံလွန်

0
407

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပျံလွန်တော်မူသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သံကလောင်းကျေးရွာ ကျောင်းထိုင်ဆရာတော်သည် ဒါယကာတစ်ဦးနှင့်အတူ ကားဖြင့် ကျောင်းမှ ထွက်လာစဉ်မှ တရနာကျေးရွာအဝင် ကျွန်းကုန်းနေရာအရောက်တွင် စစ်ကောင်စီတပ်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သက်တော် ၆၀ ဝန်းကျင်ရှိ သံကလောင်ရွာ ကျောင်းထိုင်ဆရာတော် အရှင်ဝါယာမ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော်နှင့်အတူ ပါလာသည့် ဒါယကာလည်း ကျည်ဆန်ထိမှန်ခဲ့သည်။

“ဆရာတော်နဲ့ ဒါယကာတစ်ယောက်နဲ့က ကားနဲ့ ကျောင်းကနေ ထွက်လာတာ တရနာမရောက်ခင် လမ်းမှာပဲ ပစ်ခံရတယ်။ အဲနေရာက စစ်တပ်တွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောင်းထိုင်ဆရာတော်နှင့်ဒါယကာတို့ ပစ်ခတ်ခံရသည့် နေရာတဝိုက်မှာ ကော့ဘိန်းရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲထားသည့်နေရာဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း သံကလောင်ရွာပြင်တွင် စိုက်ခင်းစိုက်နေသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ကစပြီး ကော့ဘိန်းကျေးရွာနှင့် ကျိုက်မရောမြို့နယ်၊ ဂျိုင်းမြစ်ဒေသရှိ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့ပေါက်အစရှိသည့် ကျေးရွာများထဲသို့ စစ်ကောင်စီတပ်တို့က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် အခြေအနေရှိနေသည်။

ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် ကော့ဘိန်းနှင့် ဆက်စပ်သည့် ဂျိုင်းမြစ်ဒေသက ကျေးရွာများကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပေါင်းစုံဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့က ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး ယနေ့ထိတိုင်လည်း စစ်ကောင်စီက ကျေးရွာထဲကို ပစ်ခတ်နေသည်။

ထိုသို့ စစ်ကောင်စီမှ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ဓမ္မသကျေးရွာတွင် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရပြီး အနီးနားတဝိုက်ကျေးရွာမှ ဒေသခံပြည်သူများအပါအဝင် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြပြီး အများစုသည် မွန်လူမျိုးများဖြစ်ကြသည်။