မြိတ်တွင် သင်္ကြန်အကြိုနှင့် အကျရက်များအတွင်း ယာဥ်မတော်တဆမှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

0
370
ပုံစာ- ဧပြီ၁၄ရက် မြိတ်တောင်ရပ်ယာဥ်တိုက်မှုမှ လူနာအားသယ်ဆောင်နေစဥ် Photo - မိဘမေတ္တာအသင်း

မြိတ်မြို့တွင် သင်္ကြန်အကြိုနှင့် အကျရက်များဖြစ်သည့် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ယာဥ်မတော်တဆမှုများကြောင့် အမျိုးသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မြို့ခံလူမှုကူညီကယ်ဆယ်ရေးအသင်းများထံက သိရသည်။

ယနေ့ဧပြီ ၁၄ ရက် နေ့လယ် ၂ နာရီခွဲတွင် မြိတ်တောင်ရပ်ကွက် မြို့ပတ်လမ်းရှိ ရေကစားမဏ္ဍပ်ငယ်တစ်ခုအနီး ရေကားနှင့်မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သည့် အသက်၂၃နှစ်အရွယ် အမျိုးသားသေဆုံးသွားကြောင်း မိဘမေတ္တာကျန်းမာရေး အထောက်အကူပြုယာဥ် ပရဟိတအဖွဲ့ကပြောသည်။

“ လမ်းအကွေ့ပုံစံတောင်ဆင်းမှာ ရေကားကအဆင်း၊ ဆိုင်ကယ်ကအတက် ၊ ရေကစားမဏ္ဍပ်ကရေပက်နေတော့ ရှောင်လိုက်တာ ကားနဲ့မျက်နှာချင်းဆိုင် ဖြစ်သွားတယ်။ ဆိုင်ကယ်မောင်းတဲ့လူက ပွဲချင်းပြီးသွားတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ သတိပြန်ရနေပြီ” ဟု ယင်းအသင်းတာဝန်ရှိသူက ပြောပြသည်။

သေဆုံးသွားသူမှာ ထားဝယ်ဒေသခံဖြစ်ပြီး မြိတ်တွင်ရေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် မိသားစုနှင့်လည်း အဆက်သွယ်ရပြီဖြစ်ကြောင်း ယင်းအသင်းထံကသိရသည်။

သင်္ကြန်အကြိုနေ့ ဧပြီ၁၃ ရက်ကလည်း မြိတ်မြို့တွင် ဆိုင်ကယ်မတော်ဆမှုကြောင့် သေဆုံးသူအမျိုးသားတစ်ဦးရှိကြောင်း မြိတ်ဆေးရုံ၊ရင်ခွဲရုံထံကသိရသည်။