မလွှဲတောင် ကိုးမိုင်ရွာတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတာဝန်ခံ ကျဆုံး

0
2218
ပုံစာ - ရဲဘော်စောဘိုလေး၏ စျာပန Photo - ဒေါနစစ်ကြောင်း

ရေးမြို့နယ်၊ ကိုးမိုင်ရွာ အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းကို ဧပြီ ၁၂ ရက်နေ့က မွန်နှင့်တနင်္သာရီ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် ဒေါနစစ်ကြောင်းမှ စနိုက်ပါတပ်စုတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံးခဲ့ကြောင်း ယင်းစစ်ကြောင်းက ယနေ့ထုတ်ပြန်သည်။

“စနိုက်ပါတပ်စုက ခေါင်းဆောင်ဆိုတော့ ဆုံးရှုံးမှုကြီးတယ်။ စစ်ကြောင်းက တာဝန်ရှိသူတွေလည်း အတော်စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ဒေါနတပ်ခွဲ ၄ တာဝန်ခံက ပြောသည်။

ကိုးမိုင်ရွာ တိုက်ပွဲတွင် ရဲဘော်စောဘိုလေးကျဆုံးသည့်အပြင် အခြားရဲဘော်နှစ်ဦးလည်း လက်နက်ကြီးအစစင်၍ ဒဏ်ရာရခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရဲဘော်စောဘိုလေး၏ စျာပနကို စစ်အခမ်းအနားဖြင့် မိခင်တပ်ရင်း၌ ယနေ့ပြုလုပ်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။

ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် မလွှဲတောင်ဂိတ်နှင့် ကိုးမိုင်ရွာ အနီးတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၃ ရက်တွင်မူ တိုက်ပွဲမရှိသော်လည်း ရွာသားအများစု နေရပ်မပြန်ကြသေးကြောင်း ရွာသားများကဆိုသည်။

မတ်လ ၂၉ ရက်ကလည်း ရေး-ထားဝယ်လမ်းပိုင်းတွင် မွန်နှင့်တနင်္သာရီ တော်လှန်ရေးအင်အားစုများ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ဒေါနတပ်ခွဲ ၇ ၏ တပ်ခွဲမှူး ရဲဘော်မိုးသီး ကျဆုံးခဲ့သေးသည်။