စစ်ကောင်စီတပ်နှင့် ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်

0
647
ပုံစာ -မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂

တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းကျေးရွာအကြား လမ်းကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဘန်းလမွတ်ရွာသို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။

ယနေ့(ဧပြီ ၁၃) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ယာဉ်တန်း သွားရန်အတွက် လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထိုသို့တိုက်ခိုက်ပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင် ဘန်းလမွတ်ဘက်သို့လာသာည့် စစ်ကောင်စီတပ်ကား ၃ စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။

“စကစ ယာဉ်တန်းသွားလို့ရအောင် လမ်းကင်းချတဲ့နေရာကိုရော၊ စကစ ယာဉ်တန်းကိုရော ကျွန်တော်တို့က အဖွဲ့ခွဲပြီးဆွဲမိုင်းနှစ်လုံးတွဲ တစ်စုံစီနဲ့ တိုက်ခိုက်ခဲ့တာပေါ့”ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

ဘန်းလမွတ်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က အလောင်းလာသယ်နေသည်ကို မြင်ရသည်ဟု ဆိုသည်။

စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှသိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံမှုအခြေအနေနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ခိုက်မှုနှစ်ခုကို တနင်္သာရီမြိုနယ် ပကဖအဖွဲ့၊ တောဗုံးကြီးအဖွဲ့ နှင့် ပုလော ပကဖအဖွဲ့တို့က ဦးဆောင်ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဧပြီလ ၁၀ ရက်နေ့ကလည်း ရမ်းဖိုရွာဘက်မှ ဘန်းလမွတ်ရွာဘက်သို့ ခြေလျင်လာသည့် စစ်ကောင်စီတပ်သားများကို တနင်္သာရီ ပကဖ (ဇုန်)(၅)တောဗုံးကြီးအဖွဲ့က ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးသေဆုံးပြီး တပ်သား သုံးဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ကလည်း တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာအခြေစိုက် အမှတ် ၅၅၈ တပ်ရင်းအနီး လမ်းကင်းလာချထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ

စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း ထုတ်ပြန်ထားသည်။