မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

0
496

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။

“ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ” ဟု ကိုးမိုင်ရွာ အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလ ၁၁ ရက်ညတွင် မလွှဲတောင်ဂိတ် ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ယနေ့မနက်တွင် ကိုးမိုင်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၂၉၉ ခြေလျင်တပ်ရင်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်သည့် မွန်နှင့်တနင်္သာရီမဟာမိတ်တော်လှန်ရေး အင်အားစုများက အတည်ပြုပြောဆိုသည်။

သို့သော် တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကို သတင်းမထုတ်ပြန်သေးသဖြင့် ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများ ပြန်လည်ပစ်ခတ်သည့်အပြင် လေယာဥ်ပစ်ကူဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံကသိရသည်။

“ တိုက်ပွဲနဲ့ မဆိုင်တဲ့ ကျောက်တိုင်ရွာဘက်ကို လေယာဥ်နဲ့ဗုံးသီးချခဲ့တယ် “ ဟု ယနေ့တိုက်ပွဲတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် မြိတ်လေတပ်မှ ဂျက်ဖိုက်တာတစ်စီး မြောက်ဘက်သို့ပျံတက်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားများ စောင့်ကြည့်နေသည့် WES Scout ချန်နယ်တွင်ဖော်ပြသည်။

ဧပြီ ၁၁ နှင့် ၁၂ ရက် နှစ်ရက်ဆက် မလွှဲတောင်ပတ်ဝန်းကျင်တိုက်ပွဲများကြောင့် သင်္ကြန်ပိတ်ရက်အိမ်ပြန်ကြသည့် တနင်္သါရီတိုင်းသို့ဝင်မည့်ယာဥ်များ ရေးမြို့တွင်ပိတ်မိနေကြကြောင်း ကားသမားအသိုင်းအဝိုင်းထံကသိရသည်။