တနင်္သာရီတွင် ဒရုန်းစစ်ဆင်ရေးလုပ်ပြီး ယာယီစခန်းချနေချိန် တိုက်ခိုက်ခံရ၍ တော်လှန်ရေးတပ်သားနှစ်ဦးသေဆုံး

0
682

ဒရုန်းစစ်ဆင်ရေးလုပ်ပြီးနောက် တနင်္သာရီမြို့နယ် သမုတ်ချုံးရွာတွင် ယာယီစခန်းချနေချိန် စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်တိုက်ခိုက်သည့်အတွက် တော်လှန်ရေးတပ်သားနှစ်ဦး သေဆုံးသွားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်က Dragon Squad-TNI၊ UAV Force တပ်ဖွဲ့ဝင်လေးဦးက နောက်ထပ် စစ်ဆင်ရေး အတွက် စခန်းချနေစဉ် စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်ဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် တပ်ဖွဲ့ဝင်လေးဦးအနက် ရဲဘော် X-Ray နှင့် ရဲဘော် နှုတ်ခမ်းမွေးတို့ ကျဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းတပ်ဖွဲ့က အဲဒီနေရာမှာရှိသွားတာက စစ်ဆင်ရေးပြုလုပ်ပြီး ယာယီစခန်းချတဲ့ နေရာဖြစ်သွားတယ်။ စကစဘက်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ စပြီးလုပ်တဲ့နေရာက ကျွန်တော်တို့ စခန်းချထားတဲ့နေရာဖြစ်သွားတော့ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာပေါ့” ဟု Dragon Squad-TNI ဒရုန်းလက်ရုံးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦး၏အဆိုအရ ရဲဘော်လေးဦးကို စစ်ကောင်စီတပ်က အဝိုင်းခံထားရသည့် အချိန်တွင် ရဲဘော် X-Ray က သေနတ်ထိမှန်ခဲ့ပြီး ရဲဘော်နှုတ်ခမ်းမွေးက အခြားရဲဘော်နှစ်ဦးကို ထွက်ပြေးခိုင်းပြီး တစ်ဦးတည်းခံ ပစ်ကာကျန်ခဲ့သည်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်များ ထွက်သွားပြီးနောက် ဒရုန်းတပ်ဖွဲ့က ရဲဘော်လေးဦးတိုက်ခိုက်ခံခဲ့သည့်နေရာကို သွားကြည့်ချိန်တွင် ရဲဘော်နှစ်ဦးစလုံး သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ပြည်ထောင်စုလမ်းပေါ်သွားလာနေသည့်ယာဉ်များကို လယ်တောင်ယာ ကျေးရွာနှင့် သမုတ်ချုံးကျေးရွာကြားတွင် တော်လှန်ရေးတပ်များက တားဆီးစစ်ဆေးပြီး ငွေကြေးကောက်ခံနေသည့်အတွက် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ရေးသားထားသည်။

တိုက်ပွဲအတွင်း ဒရုန်းအပါအဝင် လက်နက်များပါ သိမ်းဆည်းရမိကြောင်းလည်း ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကမူ စစ်ကောင်စီက ဝါဒဖြန့်နေသကဲသို့ ခရီးသွားကားများကို စစ်ဆေးပြီး ငွေကြေးတောင်းခံခြင်းမရှိဘဲ စစ်ဆင်ရေးလုပ်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

“အဲဒီ ရဲဘော်တွေကျတာက စစ်ဆင်ရေးလုပ်ရင်း တိုက်ခိုက်ခံရပြီး သေဆုံးရတာ။ သူတို့က ဒရုန်းနဲ့ စစ်ဆင်ရေး လုပ်ဖို့သွားတဲ့ အခါမှာ အခုလိုမျိုးဖြစ်သွားတာ။ စစ်ဆေးဂိတ်ကြေးကောက်နေတယ်ဆိုတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးအပတ်မှစကာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်း၊ စစ်ဆေးရေး ဂိတ် တိုးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေသည့်အပြင် စစ်ကြောင်းထိုးသည့်ဖြစ်စဉ်များလည်းရှိသည်။