ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသော မြန်မာ ၂၉ ဦးပါလာသည့် ကားတိမ်းမှောက်၊ ၅ ဦးစိုးရိမ်ရ

0
611

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသော ထရပ်ကားတစ်စီး မတ်လ ၃၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စန်ခရာဘူရီဒေသရှိ အမြန်လမ်းမ ၃၂၃ တောင်ဆင်းလမ်းကွေ့တစ်နေရာတွင် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

တိမ်းမှောက်ပြီးနောက် ၆ ဘီးတပ် ထရပ်ကားသည် လမ်းဘေးသို့ လိမ့်သွားခဲ့ပြီး ကားမောင်းသမားက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၉ ဦး လိုက်ပါလာကြပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို စန်ခရာဘူရီဆေးရုံနှင့် အနီးရှိဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာမပြင်းထန်သူများကို ဆေးရုံမှဆင်းစေကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

မြန်မာနိုင်ငံသားများသည် တနင်္ဂနွေနေ့ညဘက်က ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် လမ်းလျှောက်ပြီး နယ်စပ်ဖြတ်ကျော်လာခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကို ဖြေကြားထားသည်။

တစ်နေရာအရောက်တွင် ထရပ်ကားက ၎င်းတို့ကို လာရောက်ခေါ်ယူခဲ့ပြီးနောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပြီး ပြန်ပို့မည့်အချိန်ကိုမူ တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာလူငယ်အများအပြား ထိုင်းနိုင်ငံသို့ တရားမဝင် ထွက်ပြေးလာနေသဖြင့် နယ်စပ်တစ်လျှောက်လုံခြုံရေးတင်းကြပ်ရန် ထိုင်းအာဏာပိုင်များက စာထုတ်ညွှန်ကြားထားသည်။

ပြီးခဲ့သော မတ်လက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသားဖမ်းဆီးခံရမှုသည် ထောင်နှင့်ချီ ရှိနေခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Ref: Bangkok Post, Khaosod, MGR Online