ဗန်းမော်-လွယ်ဂျယ်လမ်းကို ထိန်းချုပ်ထားသည့် စိန်လုံဗျူဟာစခန်းကြီးကို KIA သိမ်းယူ

0
585

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းမကို ထိန်းချုပ်ထားသည့် အရေးပါသည့် ဗျူဟာတစ်ခုဖြစ်သည့် စိန်လုံဗျူဟာ စခန်းကြီးကို ယနေ့ ဧပြီလ ၁ရက် နံနက်ပိုင်းတွင်သိမ်းယူလိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများသို့ အတည်ပြု ပြောဆိုထားသည်။

KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်တို့က အဆိုပါစခန်းကို မတ်လ ၃၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၇နာရီခွဲဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းမကို အဓိက ထိန်းချုပ်ထားသည့် စခန်းနှစ်ခုအနက် ယောယုံစခန်းကိုလည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက သိမ်းယူနိုင်ခဲ့ပြီး ယခု စိန်လုံဗျူဟာကို ထပ်မံသိမ်းယူနိုင်သဖြင့် ယင်းလမ်းကို KIA က ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။

စိန်လုံဗျူဟာစခန်းကြီးသည် KIA ဌာနချုပ် လိုင်ဇာ၏ ဒုတိယမြို့တော်ဟု တင်စားကြသည့် မိုင်ဂျာယန်ကို လက်နက်ကြီး ပစ်ခတ်လေ့ရှိသည့်‌ နေရာဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

စိန်လုံဗျူဟာစခန်းကြီးသည် သိမ်းယူရာတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည်ဟုလည်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းမတစ်လျှောက် စစ်ကောင်စီ တပ်စခန်း ၁၀ကျော်ကို သိမ်းယူပြီး လမ်းကို KIA က ထိန်းချုပ်ထားပြီ ဖြစ်သဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့က စစ်ကောင်စီတပ်သာ ကျန်ရှိတော့သည်။

လွယ်ဂျယ်မြို့ကိုလည်း KIA နှင့် ပူးပေါင်းတပ်တို့က ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

စိန်လုံဗျူဟာကုန်းသည် ၁၉၂၅ ခုနှစ်က ဖက်ဆစ်ဂျပန်စစ်အောင်ပွဲခံပွဲကျင်းပရာ မနောကွင်း၏ အနီးတွင်ရှိသည့် တောင်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ‌ဒေါက်တာတူးခေါင်က အင်တာနက် လူမှုကွန်ရက်တွင် ရေးသားထားသည်။

‘ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီ’ ဟုလည်း ရေသားထားသည်။