တနင်္သာရီက စစ်ကောင်စီတပ်ရင်းနှစ်ခု ဒရုန်းဖြင့် ဗုံးရှစ်လုံးကြဲချတိုက်ခိုက်ခံရ

0
554

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်းနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ထံမှ သိရသည်။

အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းနှင့် ကမ်းမလိုင်းရွာ အခြေစိုက် ခမရ (၅၅၈) တပ်ရင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ (ADF) ဒရုန်းအဖွဲ့က မတ်လ ၃၀ ရက်ညမှစကာ မတ်လ ၃၁ ရက် နံနက်စောစောအထိ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိုသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သည့်အချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်။ သူတို့ (စကစ) ဘက်ကတော့ အဆောက်အအုံ ထိခိုက်တာတွေရှိတယ်လို့ သိရတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ တာဝန်ရှိသူက ပြောဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်ကြိုးစားနေဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂ရက်နေ့ကလည်း မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းကို ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှစ်ဖွဲ့က ဒရုန်းဖြင့်ပူး‌‌ပေါင်းတိုက်ခိုက်ခဲ့သေးသည်။