စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲပြီး ဓမ္မသရွာတွင် နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျ

0
545

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာတွင် ဂျိုးမြစ်အတွင်းရှိ စစ်ကောင်စီရေတပ်စစ်သင်္ဘောက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ဒေသခံတို့က ပြောသည်။

စစ်သင်္ဘောက မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓမ္မသရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းကြောင်း ဒေသခံတို့က ဆိုသည်။

မီးသည် ည ၈ နာရီဝန်းကျင်အထိ လောင်ကျွမ်းခဲ့ပြီး နေအိမ်အလုံး ၃၀၀ ခန့် မီးလောင်ပြာကျသွားကြောင်း ၎င်းတို့က ပြောဆိုသည်။

ကော့ဘိန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရသည့် မတ်လ ၂၄ ရက်နေ့ကစပြီး ဓမ္မသရွာက ဒေသခံပြည်သူအများစုက ရွာနီးတစ်ဝိုက်ရှိ တောတောင်နှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာတွင် အိမ်စောင့်သည့် လူအနည်းငယ်သာ ကျန်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းအခြေအနေတွင် မီးလောင်ကျွမ်းရာ မီးကို အချိန်မီငြှိမ်းသတ်နိုင်ခြင်းမရှိသလို မီးသတ်ကားများကို စစ်ကောင်စီတပ်က တားဆီးထားခြင်းကြောင့်လည်း ယခုကဲ့သို့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

“ရွာမှာက လူလည်း သိပ်မရှိဘူး။ ထွက်ပြေးနေကြတယ်။ လေက တအားတိုက်နေတယ်။ မီးသတ်ကားတွေလည်း ရောက်မလာဘူး။ မီးသတ်ကားတွေကို စစ်တပ်က ပေးမဝင်ဘူး။ တားထားတယ်၊ အဲဒါကြောင့် အခုလို အကြီးအကျယ် လောင်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်သွားသည့် အိမ်အများစုသည် တိုက်အိမ်၊ သစ်သားအိမ်များဖြစ်ပြီး ဆုံးရှုံးမှုများပြားကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် မီးဘေးသင့် ပြည်သူ ၁၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း အကူအညီပေးနေသူတို့က ပြောဆိုသည်။

ဓမ္မသရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကော့ပေါက်၊ ဓမ္မသ၊ တရနာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် နေ့ရော၊ ညပါ ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိလည်း ကော့ဘိန်းနှင့် အနီးနားတဝိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေသည်ဟု ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။