MNDAA နှင့် တိုက်ပွဲ တွေ့ဆုံဆွေးနွေးမှုဖြင့်ဖြေရှင်းမည်ဟု SSPP ပြော

0
409
photo - SSPP Info ပုံစာ - SSPP/SSA တပ်ဖွဲ့ဝင်များ။

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ကြား ဖြစ်ပွားသည့် တိုက်ပွဲကို တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်သည်။

သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုအတွင်း လုပ်ရှားနေသည့် SSPP စစ်ကြောင်းများကို မတ်လ ၂၆ ရက် ညနေပိုင်းတွင် ကိုးကန့်တပ်က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ပြီးနောက် နောက်တစ်ရက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဖော်ပြသည်။

မတ်လ ၂၇ ရက်နံနက်တွင် စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာအနီးရှိ လယ်ကွက်ထဲမှ ကိုးကန့်တပ်ဖွဲ့ အင်အား ၂၀၀ ခန့်က ယင်းအနီးနားရှိ SSPP ၏အထူးတပ်စခန်း တစ်နေရာကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ်ပေါင်း ၅၀ ကျော် ဗုံးကြဲတိုက်ခိုက် ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်ပြီးနောက် SSPP တပ်စခန်းကို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီအထိ တစ်နာရီခန့်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း SSPP က ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် SSPP ဘက်ကမူ ခုခံတိုက်ခိုက်ခဲ့ခြင်းသာြဖစ်သည်ဟုလည်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ တိုင်းရင်းသား အချင်းချင်းပြည်လည်သင့်မြတ်ရေးအတွက် ရှေးရှူကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံးဖြေရှင်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SSPP က ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုဖြင့် လုံးဝ မဖြေရှင်းနိုင်ခဲ့မှသာလျှင် ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ကိုးကန့်တပ် MNDAA ဘက်ကမူ ယခုတိုက်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

MNDAA နှင့် SSPP တို့သည့် ‘ဝ’ တပ်ဖွဲ့ UWSA ဦးဆောင်ဖွဲ့စည်းသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။