စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါမည်

0
1473

စစ်ကောင်စီက အဓမ္မအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းအစီအစဉ်၏ ပထမဆုံးအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြိတ်မြို့နယ်က အများဆုံးဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်မှုထမ်းမည့်သူ ၂၆၀ ကျော်တွင် မြိတ်မြို့နယ်က ၁၂၀ ဦးမှ ၁၅၀ ဦးကြား ပါဝင်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက Dawei Watch သို့ပြောဆိုသည်။

ယင်းစစ်မှုထမ်းမည့်သူများမှာ ကိုယ်တိုင်ဆန္ဒပြုထားသူများဖြစ်ဟုလည်း ၎င်းကဆိုသည်။

သို့သော် စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် ပြည်သူများက လက်မခံသဖြင့် ကန့်ကွက်မှုများရှိနေသလို စစ်မှုထမ်းသက်မီသည့် လူငယ်များ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်မှုများလာသဖြင့် စစ်ကောင်စီက ခရီးသွားမှုများကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။

စစ်မှုထမ်းရန် စာရင်ပေါက်ထားသူများကို မတ်လကုန်ပိုင်းတွင် ထားဝယ်နှင့် မြိတ်ရှိ စစ်ကောင်စီ၏ တပ်မတော်ဆေးရုံများတွင် ဆေးစစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ အကြမ်းဖျင်းလျာထားတာကတော့ အခုလ(မတ်)ကုန်တော့ စုစည်းမယ်လို့ လျာထားတယ်ခင်ဗျား” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိစစ်မှုထမ်းရန် စာရင်းပေးထားသူများအနက် ဆေးအောင်သူများကို စစ်အခြေခံသင်တန်းကျောင်းများကိုပို့ပြီး သင်တန်းပေးမည်ဖြစ်သော်လည်း သင်တန်းစပေးမည့်ရက် အတိအကျကို မသိရသေးကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“သင်တန်းဖွင့်မယ် ဘာညာကတော့ အကြမ်းဖျင်းသိရတာက နောက်လ(ဧပြီ) ထဲမှာတော့ လဆန်းပိုင်းရယ်လို့တော့ ကြားထားတယ်ဗျား” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် နည်းဥပဒေမထွက်သေးဘဲ တတိယမူကြမ်းအဆင့်တွင်ပင် ရှိနေဆဲဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ နည်းဥပဒေမထွက်သေးသော်လည်း မြေပြင်တွင်မူ စစ်မှုထမ်းခေါ်ယူရေးလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့ တော်လှန်တိုက်ပွဲများနှင့် ရင်ဆိုင်ကာ အဖက်အဖက်က အရေးနိမ့်နေသည့် စစ်ကောင်စီတပ်မှာ အင်အားပြန်တည်ဆောက်နိုင်ရေးအတွက် အဓမ္မစစ်မှုမထမ်း မနေရစနစ်ကို အသက်သွင်းလာခြင်းဖြစ်သည်။