တပ်မတော်နေ့ ထားဝယ်ခရိုင် နေရာသုံးခု တိုက်ခိုက်ခံရ၊ နောက်ထပ်သုံးနေရာတွင်လည်း ပစ်ခတ်မှုဖြစ်

0
822

ထားဝယ်ခရိုင်တွင် တပ်မတော်နေ့က စစ်ကောင်စီတပ်စခန်း သုံးနေရာ တိုက်ခိုက်ခံရပြီး နောက်ထပ် နေရာသုံးခုတွင်လည်း ပစ်ခတ်မှု ဖြစ်ပွားကာ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း စုံစမ်း သိရသည်။

မတ်လ ၂၇ ရက် နေ့ပိုင်းတွင် ထားဝယ်မြို့ အမှတ် (၈) စစ်ဆင်းမှုကွပ်ကဲရေးဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အပြင် သရက်ချောင်းမြို့နယ် ဝင်းဝရွာက စစ်ကောင်စီစခန်းကုန်းလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။

ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့အနီး ဇဟာကျေးရွာတွင်လည်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ‌ဖားအောက်တောရ အဝင်လမ်းရှိ နေအိမ်တစ်ဆောင်မှာ လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

“အခုမနက် လက်နက်ကြီးထိတဲ့အိမ်ကို စစ်‌သားတွေ လာစစ်ဆေးနေကြတယ်။ ဖားအောက်သွားတဲ့လမ်းထဲမှာ (စစ်ကောင်စီတပ်သားတွေ) အများကြီးပဲ ရှိနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

တပ်မတော်နေ့တွင် လမ်းပိတ်ပြီး ကင်းစောင့်နေသည့် ဇဟာအမြောက်တပ်က စစ်ကောင်စီတပ်သားများကို ဗထူးတပ်မတော်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး ထိခိုက်သူအချို့ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇဟာကျေးရွာသည် ထားဝယ်မြို့မှ မြောက်ဖက်ရှိ ရေဖြူမြို့နယ်သို့သွားလမ်းပေါ်တွင်တည်ရှိသည်။

ထိုနေ့ ည ၇ နာရီခန့်တွင် ထားဝယ်မြို့အ‌ရှေ့ဘက် ပကာရီကျေးရွာတွင်လည်း လက်နက်ကြီး ပစ်ခတ်သံများကြားရပြီး နေအိမ်တစ်ဆောင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဒီဘက်က (PDF တွေက) ည ၇ နာရီလောက်မှာ အင်အားလာပြတဲ့ပုံစံမျိုးဝင်လာတယ်။ သူတို့ထွက်သွားပြီးမှ ဘက်ကမှန်းမသိဘူး လက်နက်ကြီးတစ်လုံး အိမ်ပေါ်လာကျတာ” ဟု ပကာရီဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့မှ တောင်ဘက် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာ၊ ပိန်တောကျေးရွာတို့ဘက်တွင် ပစ်ခတ်သံများကြားရကြောင်းဆိုသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။

ယနေ့ မတ်လ ၂၈ ရက် နံနက် ၄ နာရီခန့်တွင်မူ လောင်းလုံး- ထားဝယ် ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရသည်။

စစ်ဆေးရေးဂိတ်အား လာရောက်ပစ်ခတ်ပြီး ပြန်ဆုန်ချိန်တွင် စစ်ဆေးရေးဂိတ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ရေ အမြောက်အများ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။ ကမြောကင်းတံတားဂိတ်ကိုလည်း ခဏပိတ်ထားလိုက်ပြီးနောက် ပြန်ဖွင့်ပေးကြောင်း ဒေသခံတို့က ဆိုသည်။