ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ဧပြီလအစောပိုင်းအထိ အပူချိန်တိုးနေဦးမည်

0
382
Photo – Bangkok Post

ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များနှင့် အလယ်ပိုင်းခရိုင်များတွင် ယခုမတ်လနှောင်းပိုင်းနှင့် ဧပြီလအစောပိုင်းရက်များ အထိ အပူချိန်များထက်တိုးနေဦးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အပူချိန်မတိုးမီ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းများတွင် တောင်ဘက်က တိုက်ခတ်လာနေသော လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသ ညွှန်ကြားရေးမှူး Somkuan Tonjan က ပြောသည်။

မိုးရွာသွန်းပြီးနောက် အပူချိန်များ ရုတ်တရက်မြင့်တက်လာနိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုအတွင်း ဖျားနာခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သတိပေးထားသည်။

အထူးသဖြင့် မြောက်ပိုင်းခရိုင်များတွင် သက်ြန်မတိုင်ခင် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အတွင်း ပုံမှန်အပူချိန်ထက် မြင့်တက်နေဦးမည်ဖြစ်ကြောင်း Somkuan Tonjan က ပြောဆိုသည်။

တောင်ပိုင်းခရိုင်များတွင်မူ အရှေ့ဘက်လေများကြောင့် မိုးရွာသွန်းမည်ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်းမူ မရှိနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဆုန်ခရမ်မတိုင်မီ အနောက်ပိုင်းခရိုင်များတွင် အပူချိန်မြင့်တက်မှုများကြောင့် လေဖိအားလျော့နည်းလာနိုင်ပြီး ဘန်ကောက်နှင့် အနီးတဝိုက်ခရိုင်များတွင်မူ နေ့လယ်ပိုင်းတွင် အပူချိန်မြင့်တက်နေပြီး တိမ်ထူထပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆုန်ခရမ်ရေကစားပွဲတော်အတွင်းတွင်မူ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီဆဲလ်စီးယပ်နှင့် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီဆဲလ်စီးယပ်အတွင်းရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Ref: NBT, Bangkok Post, Pattaya Mail